ထိုင်းသို့ မြန်မာအလုပ်သမား ၁၅၀ကျော် တရားဝင်ထပ်ပို့

0
741
ဓာတ်ပုံ - မြန်မာအလုပ်သမားသံအရာရှိရုံး (FB)

ထိုင်းနိုင်ငံသို့ မြန်မာအလုပ်သမားများကို ယခုလအတွင်း တရားဝင် စတင်ပို့ဆောင်နေပြီး ယနေ့ (မေ ၁၉) တွင် တတိယသုတ်အဖြစ် ၁၅၁ ဦး ရောက်ရှိလာကြောင်း ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိရုံးက ထုတ်ပြန်သည်။

အလုပ်သမားခေါ်ယူမှုကို ၂နှစ်ကျော်ကြာ ရပ်ဆိုင်ထားပြီးနောက် မြန်မာအလုပ်သမားများကို ထိုင်းနိုင်ငံ ပြန်လည်ခေါ်ယူနေရာ မြဝတီ-မဲဆောက် နယ်စပ်ဂိတ်မှတစ်ဆင့် မေလ ၁၀ ရက်နေ့တွင် ပြန်လည် ပို့ဆောင်နေခြင်းဖြစ်သည်။

မြန်မာအလုပ်သမားများကို မေလ ၁၀ ရက်၊ မေလ ၁၁ ရက်၊ မေလ ၁၉ ရက်နေ့တို့တွင် ပို့ဆောင်ခဲ့ပြီး စုစုပေါင်း ၇၃၉ ဦး ရှိပြီဖြစ်ကြောင်း အလုပ်သမားသံအရာရှိရုံးထံမှ သိရသည်။

ယနေ့ မဲဆောက်နယ်စပ်စခန်းသို့ ရောက်ရှိလာသူ ၁၅၁ ဦးမှာ JMK services ပြည်ပအလုပ်ကိုင်ရှာဖွေရေး အေဂျင်စီက ပို့ဆောင်ခြင်းဖြစ်ကြောင်း ယင်းကုမ္ပဏီ၏ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်နန်းနှင်းဦးက ပြောသည်။  

ထိုင်းစက်ရုံ၏ အလုပ်ခေါ်စာကို မတ်လ ၅ ရက်နေ့တွင် ရရှိခဲ့ပြီး အလုပ်သမားများကို မတ်လ ၃၁ ရက်နေ့ တွင် စာချုပ်ချုပ်ဆိုကာ ယနေ့တွင် ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးနိုင်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

အဆိုပါ အလုပ်သမားများသည် ထိုင်းနိုင်ငံအတွင်းရှိ Fujikura Electronic စက်ရုံ၊ Thai Chin Fu Enterprise စက်ရုံ ၊ နှင့် Samakee Concrete product စက်ရုံ တို့တွင် လုပ်ကိုင်ရမည်ဖြစ်ကြောင်း သံအရာရှိရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများကို မြဝတီ-မဲဆောက်နယ်စပ်ဂိတ် ချစ်ကြည်ရေးအမှတ် (၂) မှ တစ်ဆင့် မဲဆောက်မြို့သို့ ပို့ဆောင်ခြင်းဖြစ်ပြီး ယင်းနောက် ကိုဗစ်စစ်ဆေးမှု ခံယူခြင်း၊ ကျန်းမာရေးစစ်‌ဆေးမှုခံ ယူခြင်းများကို အဆင့်ဆင့် လုပ်ဆောင်ရမည်ဖြစ်သည်။

မြန်မာအလုပ်သမားများကို နှစ်နိုင်ငံသဘောတူညီချက် MoU စနစ်ဖြင့် ပို့ဆောင်နေခြင်းဖြစ်သည်။

ယင်းသို့ ပို့ဆောင်ရာတွင် အေဂျင်စီများကို အလုပ်သမားထံမှ ကျပ်သုံးသိန်း ကောက်ခံခွင့်ပြုထားပြီး ထိုင်းဘက်ခြမ်းတွင် နေထိုင်ခွင့်ဗီဇာ၊ ဆေးစစ်ခ၊ ကျန်းမာရေးအာမခံ၊ အလုပ်လုပ်ကိုင်ခွင့် လက်မှတ်တို့အတွက် ဘတ် ၅၃၉ဝမှ ၇၆၀၀ အထိ ပေးဆောင်ရမည်ဟု မြန်မာ အလုပ်သမားညွှန်ကြားရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

အလုပ်သမားများ သတ်မှတ် အခကြေးငွေထက် ပိုမိုပေးဆောင်နေရခြင်း ရှိမရှိကို စုံစမ်းနေပြီး လက်ရှိတွေ ကိုဗစ် ကန့်သတ်ချက်ကြောင့် အလုပ်သမားများကို တွေ့ဆုံခွင့် မရသေးသဖြင့် သေသေချာချာ မသိရသေးကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်နေသည့် ရွှေ့ပြောင်းအလုပ်သမားအခွင့်အရေးကွန်ရက် MWRN မှ တာဝန်ရှိသူတစ်ဦးဖြစ်သူ ကိုဇော်က ပြောသည်။

လက်ရှိတွင် ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက်လုပ်ကိုင်ခွင့်ရပြီဖြစ်သော်လည်း တရားမဝင် သွားရောက် လုပ်ကိုင်မှုမှာ လျော့ကျသွားဖွယ်မရှိသေးကြောင်း ထောက်ပြမှုများရှိသည်။

ပြည်တွင်းတါင် မတည်ငြိမ်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးလားခြင်း၊ ထိုင်းသို့ တရားဝင်သွားရန် မှာလည်း အချိန်စောင့်ရခြင်း၊ ငွေကြေး အကုန်အကျများခြင်းတို့ကြောင့် ဖြစ်သည်ဟု မြန်မာအလုပ်သမားများအရေးဆောင်ရွက်သူအချို့က ဆိုသည်။