ဆင်ဖြူတိုင် ရပ်ကျေးစာရေး လောင်းလုံးတွင် ပစ်သတ်ခံရ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

လောင်းလုံးမြို့နယ် ခမောင်းတောင်ကျေးရွာနှင့် တောင်မင်းပြောင်ရွာကြားတွင် မေ ၁၇ ညနေ သုံးနာရီခန့်က အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်ခတ်ခံရသဖြင့် သေဆုံးနေကြောင်း ဒေသခံများ ပြောကြားချက်အရ သိရသည်။

သေဆုံးသူမှာ ထားဝယ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဆင်ဖြူတိုင်ကျေးရွာ ရပ်ကျေး စာရေးဖြစ်သူ ဦးဝေစိုးဆိုသူဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ဦးဝေစိုးသည် ဇနီးဖြစ်သူနှင့် ဆိုင်ကယ်အတူစီးလာစဉ် ယင်းကျေးရွာ နှစ်ရွာကြားတွင် ဆိုင်စီးလူနှစ်ယောက် လိုက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သိရကြောင်း ဒေသခံအချို့ ဆိုသည်။

“ရွာနဲ့ဝေးတယ်။ တံတားနားမှာဆိုတော့ သေနတ်သံက မကြားဘူး။ သူဇနီး ထွက်ပြေးလာပြီး ရွာထိပ်မှာ (ရွာသားတွေကို လာအကူအညီတောင်း) လာခေါ်တော့မှ သိတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးဝေစိုးသည် စစ်ကောင်စီအား သတင်းပေးဖြစ်ပြီး CDM ဝန်ထမ်များအား ခြိမ်းခြောက်ဖိနှိပ်သည်ဟု တိုင်ကြားမှုများစွာ လက်ခံရရှိထားသောကြောင့် ရှင်းလင်းရခြင်းဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ လောင်းလုံး) နှင့် Dawei Guerrilla Revolutionary Force-DGRF (ပကဖ-ထားဝယ်) တို့ ထုတ်ပြန်ထားသည်။

ဦးဝေစိုးမှာ ထားဝယ်မြို့ပေါ် ကြက်စာပြင်ရပ်ကွက်တွင် နေထိုင်သူဖြစ်သည်ဟုသိရပြီး ၎င်း၏ရုပ်အလောင်း ကို မေလ ၁၇ ရက်နေ့ ညနေပိုင်းက လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံကြီးသို့ ခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။