ထိုင်းတွင် အထောက်အထားမဲ့ မြန်မာလုပ်သားများကို ဖမ်းဆီးမှု များလာ

0
697

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော အထောက်ထားမဲ့ မြန်မာအလုပ်သမားများကို မေလအတွင်း ဖမ်းဆီးမှု ဆက်တိုက်ရှိလာကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းရဲတပ်ဖွဲ့က ရှောင်တခင် စစ်ဆေးဖမ်းဆီးမှု ဆက်တိုက်ရှိလာကြောင်း ထိုင်းရောက် မြန်မာ အလုပ်သမားများအရေး ဆောင်ရွက်နေသည့် အလုပ်သမားကူညီစောင့်ရှောက်ရေး AAC မဟာမိတ်အဖွဲ့ထံမှ သိရသည်။

မြန်မာအလုပ်သမား အများစုနေထိုင်ရာ စမုစခွန်ခရိုင် မဟာချိုင်နယ်တစ်ဝိုက်တွင် ထိုင်းရဲတပ်ဖွဲ့ဝင်များက ရှောင်တခင်စစ်ဆေးခြင်း၊ တိုက်ခန်းအတွင်း ဝင်ရောက်ရှာဖွေခြင်း၊ ဖမ်းဆီးခြင်းများ ဆက်တိုက်ရှိလာ ကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။

ဖမ်းဆီးခံရလျှင် ရဲစခန်းတွင် စစ်ဆေးခံရပြီး ဘတ်ငွေ တစ်သောင်းမှ သုံးသောင်းအထိ ထိုင်းရဲက တောင်းခံကြောင်း ၎င်းတို့ထံမှ သိရသည်။

ထိုင်းရဲတပ်ဖွဲ့ဝင်အများစုမှာ အရပ်ဝတ်ဖြင့် မြန်မာအလုပ်သမားများရှိရာ အဆောင်အခန်းအထိ ဝင်ရောက် စစ်ဆေးနေကြပြီး နေ့ခင်းအချိန်တွင်သာမက ညဘက် ၉ နာရီ ၁၀ နာရီ အချိန်အထိ ရှောင်တခင် စစ်ဆေး ကြောင်း မဟာချိုင်ဈေးကြီးအနီးတွင် နေထိုင်သူ မြန်မာအလုပ်သမားတစ်ဦးက ပြောသည်။

“အဖမ်းခံရတဲ့အချိန်ဆို ညဘက်ကြီး။ ဘာအထောက်အထားမှမရှိလို့ အဖမ်းခံလိုက်ရတာ။ ဘတ်တစ်သောင်း ပေးပြီးမှ ပြန်လွှတ်ပေးလိုက်တယ်” ဟု မေလ ဒုတိယပတ်တွင် အဖမ်းခံရသော မြန်မာ အလုပ်သမားတစ်ဦးက ပြောဆိုသည်။

မဟာချိုင်နယ်တွင်သာမက မြန်မာလုပ်သားအများစုရှိရာ အုန်းနွဲ့၊ အုန်းယိုင်၊ ဘန်ဖီး (စမူပရာကန်) စသော နေရာများတွင်လည်း ဖမ်းဆီးစစ်ဆေးမှုများနေကြောင်း ထိုင်းရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

“နောက်လကျရင် လူသစ်‌တွေ ဘတ် (ယာယီအလုပ်လုပ်ခွင့်ကတ်) ရိုက်မယ်လို့ ကြားရတယ်ဆိုတော့ အခုရက်ပိုင်း အဖမ်းအဆီး အလွန်များလာတာ။ အထူးသဖြင့် အတိုင်ခံရတဲ့နေရာတွေ ဝင်စစ်တာများတယ်” ဟု AAC မဟာမိတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

သို့သော်လည်း လာမည့်ဇွန်လအတွင်း ထိုင်းအစိုးရဘက်က အထောက်အထားမဲ့ မြန်မာလုပ်သားများအား ဘတ်ကတ် ခေါ် ပန်းရောင်ကတ် ထုတ်ပေးမည်ဆိုသည့်သတင်းမှာ မသေချာသေးကြောင်း ၎င်းက ဆိုသည်။

အထောက်အထားမဲ့ မြန်မာအလုပ်သမားများသည် ထိုင်းရဲကို ဘတ် ၃၅၀ ပေးပြီး ရဲကတ်ပြုလုပ်ကာ နေထိုင်ကြသည်ဟု AP သတင်းဌာနက ဧပြီလ ၈ ရက်နေ့တွင် သတင်းဖော်ပြပြီးနောက် ထိုင်းအာဏာပိုင်များက ရဲများကို စစ်ဆေးအရေးယူမှုရှိခဲ့သည်။

ယင်းနောက်တွင် အထောက်အထားမဲ့ မြန်မာများကိုလည်း အဖမ်းအဆီး ရှိလာကြောင်း မြန်မာအလုပ်သမားများအရေး ဆောင်ရွက်သူများနှင့် မြန်မာအလုပ်သမားများထံမှ သိရသည်။

ထိုင်းရောက် မြန်မာလုပ်သားအများစုသည် တရားဝင်အလုပ်သမားဖြစ်ရန်အတွက် ပန်းရောင်ကတ်၊ work permit၊ မည်သူမည်ဝါဖြစ်ကြောင်းအထောက်အထား CI စာအုပ်၊ နိုင်ငံကူးလက်မှတ် စသည်တို့ကို ပြုလုပ်ကြရသည်။

ယင်းသို့ ပြုလုပ်ရာတွင်လည်း ကုန်ကျစရိတ်ကြီးမားသဖြင့် အခက်အခဲဖြစ်ကြောင်း မြန်မာအလုပ်သမား များထံမှ သိရသည်။