တနင်္သာရီ ဘန်းပြည့်ရွာတွင် တိုက်ပွဲဖြစ်၊ ရွာသားများ ထွက်ပြေး

0
335

တနင်္သာရီမြို့နယ်၊ ဘန်းပြည့်ကျေးရွာတွင် ယနေ့ (မေ ၁၈) နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ နံနက် ၅ နာရီခွဲဝန်းကျင်တွင် သိန္ဒောရွာဖက်ကမ်းမှ စစ်ကောင်စီတပ်သားများ လှေဖြင့် ကူးလာပြီး နောက် ဘန်းပြည့်ရွာသို့အရောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု တစ်နာရီကျော် ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားအချို့ ထိခိုက်ဒဏ်ရာ ရရှိသည်ဟု သတင်းကြားရကြောင်း ဘန်းပြည့်ရွာသားတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲကြောင့် ရွာသားများ ဘေးလွတ်ရာ ရှောင်တိမ်းနေကြရပြီး ယင်းသို့ရှောင်တိမ်းစဉ် ဒေသခံ အမျိုးသားတစ်ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရသည်။

နံနက် ၇နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာသွားပြီး ၎င်းတို့ဆုတ်ခွာရာဖက်သို့ စစ်ကောင်စီ တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ကြောင်း ဒေသခံများက ပြောသည်။

ဘန်းပြည့်ကျေးရွာနှင့် သိန္ဒောကျေးရွာသည် မြစ်ချောင်း တစ်ဖက်တစ်ကမ်းတွင် တည်ရှိပြီး သိန္ဒော ကျေးရွာ ရှိ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေးတပ်က မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ ရှိသည်။

အလားတူ ယင်းပတ်ဝန်းကျင်ရှိ တကူကျေးရွာဖက်က တောင်တန်းများပေါ်တွင်လည်း စစ်ကောင်စီတပ်များ စစ်ရေးလှုပ်ရှားနေကြသဖြင့် တိုက်ပွဲဖြစ်လာမည်ကို စိုးရိမ်နေကြကြောင်း တကူဒေသခံများက ပြောသည်။