စွန်ရဲအဖွဲ့စီးလာ‌သောကားကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်

0
311

ပန်းဒလဲရွာအခြေစိုက် စွန်ရဲအမည်ခံ ပျူစောထီးများ စီးလာသောကားကို ပစ်ခတ်တိုက်ခိုက်လိုက်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ထုတ်ပြန်သည်။

လောင်းလုံးမြို့နယ်၊ အင်းဇောက်ရွာနှင့် လောင်းလုံးမြို့ကြားလမ်းပိုင်း‌တစ်နေရာတွင် ယနေ့ (မေ ၁၇) နေ့လယ် ၁ နာရီ ခွဲခန့်က ပစ်ခတ်တိုက်ခိုက်လိုက်ခြင်းဖြစ်ပြီး စွန်ရဲအဖွဲ့မှ တစ်ဦးကျဉ်ထိမှန်ခဲ့သည်ဟု ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သေနတ်ပစ်ခတ်သံများမှာ သဗျာကျေးရွာထိပ်မှစတင် ထွက်ပေါ်လာပြီး ကားပေါ်မှ ပစ်ခတ်သွားခြင်းဖြစ်သည်ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“စပစ်တဲ့အချိန် ကျွန်တော်ကြားတာ အချက်သုံးဆယ်လောက်ရှိတယ်” ဟု ယင်းအမျိုးသားက ပြောသည်။

အဆိုပါပျူစောထီးများ စီးလားသောကားကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) နှင့် Dawei Defense Team-DDT တပ်ခွဲ (၃) (ပကဖ-ထားဝယ်) တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်အရသိရသည်။

စွန်ရဲအဖွဲ့မှာ လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာ‌အခြေစိုက် ပျူစောထီးအဖွဲ့ဖြစ်ပြီး ဧပြီလ ၂၈ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင်နှစ်ဦးနှင့် မေလ ၃ ရက်နေ့က ယင်းပါတီ ထောက်ခံအားပေးသူတစ်ဦးကို သတ်ခဲ့သူများဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါအဖွဲ့၏ သတ်ဖြတ်မှုများတွင် စွန်ရဲတံဆိပ်ချန်ထားလေ့ရှိသည်။

ဧပြီ ၂၇ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် စစ်ကောင်စီ၏ သတင်းစာရှင်းလင်းပွဲတွင် ပြည်သူ ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အချို့နေရာများတွင်လည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း စစ်ကောင်စီက ထုတ်ဖော်ပြာဆိုထားသည်။