တောက်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်

0
469
တောင်ပျောက်တိုက်နယ်တွင် ငှက်ဖျားပိုးစစ်ဆေးထားသည်ကိုတွေ့ရစဉ်

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်တွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှု ပိုမိုမြင့်တက် လာကြောင်း တိုက်နယ်အတွင်း ဆေးဝါးကုသမှုပေးနေသည့် အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူပြု အဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တောင်ပျောက်တိုက်နယ်တွင် ကျေးရွာဆယ်ရွာရှိသည့်အနက် ဝမ်းကဖော်၊ ရေဗျတ်၊ မယ်ကဲ၊ ကျွဲခြံ၊ အလယ်စု၊ ကျောက်အိုင် စသည့်ကျေးရွာရှိ ဒေသခံများ နေမကောင်းဖြစ်၍ စစ်ဆေးကြည့်ရာ လူတစ်ရာတွင် ခုနစ်ဆယ်ဦးခန့်မှာ ငှက်ဖျားပိုးရှိနေသည်ကို တွေ့ရကြောင်း ၎င်းတာဝန်ရှိသူက ဆိုသည်။

“ဆေးဝါးက မလုံလောက်၊ ရှိတဲ့ဆေးနဲ့ ကုပေးနေရတာဆိုတော့ (ငှက်ဖျား) ဖြစ်ပြီးတဲ့ သူတွေလည်း ပြန်ပြန်ဖြစ်နေကြတယ်” ဟု ၎င်းက ပြောဆိုသည်။

မတ်၊ ဧပြီလကတည်းက တောင်ပျောက်တိုက်နယ်အတွင်း ငှက်ဖျားပိုးတွေ့သူ ဆယ်ဂဏန်းခန့်ရှိရာမှ ယခုမိုးဦးကျစအချိန်ဖြစ်သည့် မေလလယ်တွင် ရာဂဏန်းအထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

တိုက်နယ်အပြင်ထွက်ပြီး ဆေးဝါးကုသမူခံယူရန်အတွက် သရက်ချောင်းနှင့် ထားဝယ်မြို့များသို့ သွားရောက်ရန်မှာလည်း PDF ဟု သံသယဖြင့် ဖမ်းဆီးခံရမည်ကို စိုးရိမ်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

တောင်ပျောက်တိုက်နယ်မှာ စစ်ကောင်စီတပ်နှင့် ဒေါင်းမင်းစစ်‌ဆင်ရေးအဖွဲ့တို့ မကြာခဏ‌ထိတွေ့တိုက်ပွဲ ဖြစ်နေသည့် နေရာတစ်ခုဖြစ်သည်။

ယခုမေလထဲတွင်မူ တိုက်ပွဲများ ငြိမ်သက်နေကြောင်း ဒေသခံအချို့ကပြောသည်။

“ကျွန်မတို့မှာက သရက်ချောင်းသွားမယ်ဆိုလည်း အန္တရာယ်ကြီးတစ်ခုပဲ။ ထားဝယ်သွားမယ်ဆို ပေါက်တိုင်းတံတားမှာ စစ်နေတာရှိတယ်လေ။ ကိုယ့်ကိုယ် မနာလိုတဲ့သူတွေက လက်ညှိုးထိုးပြီး ဖမ်းခိုင်းရင် တောင်ခံရမှာ” ဟု ၎င်းက အထက်ပါဒေသခံက ဆိုသည်။

ငှက်ဖျားရောဂါဖြစ်ပွားမှု မြင့်တက်လာနေပြီး ပြည်သူများ တိုက်နယ်ပြင်ပထွက်ပြီး ဆေးကုသခံယူရန် အခက်တွေ့နေချိန်တွင် တိုက်နယ်ထဲတွင် ဆေးကုသပေးနေသူတို့ထံတွင်မူ ဆေးဝါးပစ္စည်း မလုံလောက်သည့် အခက်အခဲနှင့် ရင်ဆိုင်နေရကြောင်း အဖြူရောင်မေတ္တာ ဆေးဝါးအထောက်အကူပြုအဖွဲ့ တာဝန်ရှိသူက ပြောဆိုသည်။

“ရိက္ခာနဲ့ဆေးဝါးအတွက် ပြည်သူတွေအနေနဲ့ ဝိုင်းကူပေးဖို့ ပြောချင်တယ်” ဟု ၎င်းက ဆိုသည်။

တောင်ပျောက်တိုက်နယ်ဒေသခံများသည် ရော်ဘာ၊ ကွမ်းသီး စသည့် ဥယျာဉ်ခြံလုပ်ငန်းကိုသာ အများဆုံးလုပ်ကိုင်ကြသူများဖြစ်ပြီး ငှက်ဖျားရောဂါဖြစ်ပွားနိုင်ခြေ များသည့်ဒေသဖြစ်သည်။