မြိတ်-ကော့သောင်း သွားမည့်ကားများ လိုက်နာရမည့်အချက်များ ထုတ်ပြန်

0
606
ဘုတ်ပြင်း ကော့သောင်းလမ်းတနေရာ

မြိတ်-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ သွားလာမည့် ကားများ လိုက်နာရမည့်အချက်များကို ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် KDDF (T4 ဇုံ) က မေလ ၁၆ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

အိမ်စီးကား၊ ခရီးသည်တင်ကား၊ ကုန်တင်ကားများသည် စစ်ယာဉ်တန်းနှင့် နီးကပ်စွာ မသွားလာကြရန်၊ မှန်ချပြီး မောင်းနှင်ပေးရန်၊ ညအချိန်ခရီးသွားခြင်း တတ်နိုင်သမျှရှောင်ရှားပေးရန်၊ ကားပေါ်ပစ္စည်းများ တင်ဆောင်ရာတွင် အမိုးအကာ (တာလပတ်) အပြည့်ဖုံးအုပ်ခြင်း မလုပ်ရန် အချက်များကို ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လက်ရှိဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေအရ ထုတ်ပြန်ကြေညာရခြင်းဖြစ်ကြောင်း KDDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် မြိတ်-ကော့သောင်းသို့ သွားနေသည့် ခရီးသည်တင်ကားနှင့် ကုန်ကားများ နေ့ဘက်တွင်သာ ခရီးသွားကြပြီး ညဘက်တွင် ရပ်နားထားကြကြောင်း ကားသမားအချို့က ပြောသည်။

“အရေးတကြီး သွားလာတဲ့ ကားတချို့တော့ရှိတယ်။ ကျွန်တော်တို့က ညဘက်မသွားဘူး” ဟု မြိတ်-ဘုတ်ပြင်း-ကော့သောင်းမြို့သို့ ခရီးသည်တင်ကား မောင်းနေသည့် ကားသမားတစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး လိုက်နာနိုင်သော်လည်း စစ်ကောင်စီတပ်က ခိုင်းစေလျှင် ရှောင်လွှဲရန် မရသည့် အခက်အခဲများရှိပြီး ယင်းသို့ပြုလုပ်မည်ကိုလည်း စိုးရိမ်မိကြောင်း ကားသမားအချို့က ပြောဆိုသည်။

“ကားသမားတွေက နီးရာဓါးကြောက်နေရတယ် ခုချိန်မှာ” ဟု ကုန်ကားမောင်းသူတစ်ဦးကလည်း ဆိုသည်။

မြိတ်-ဘုတ်ပြင်း-ကော့သောင်း ပြည်ထောင်စုလမ်းမကြီးပေါ်တွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များ မကြာခဏ တိုက်ပွဲဖြစ်လေ့ရှိသည်။

တနင်္သာရီတိုင်းအတွင်း နေရာအနှံ့အပြား (အဓိကအားဖြင့်) ပြည်ထောင်စုလမ်းမကြီးဝန်းကျင် တစ်လျှောက် တွင် တိုက်ပွဲများ မကြာခဏဖြစ်ပွားနေပြီး ပြည်သူ့ကာကွယ်ရေးတပ်များ အခြေစိုက်လှုပ်ရှားသည့် ဒေသများတွင်လည်း နှစ်ဖက်စစ်ရေးတင်းမာလျက်ရှိနေသည်။

ယင်းကြောင့် အထက်ပါကြေညာချက်ကဲ့သို့ အလားတူကြေညာချက်များကို တနင်္သာရီတစ်တိုင်းလုံးရှိ သက်ဆိုင်ရာမြို့နယ်၊ ခရိုင်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အသီးသီးက ထုတ်ပြန်လျက်ရှိကြသည်။