ဒေါက်တာအေးဇံကို ထောင်ဒဏ် ၂၁ နှစ် ထပ်ချ

0
246

မွန်ပြည်နယ်ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါက်တာအေးဇံကို စစ်ကောင်စီတရားရုံးက ယနေ့ (မေ ၁၆) ထောင်ဒဏ် ၂၁ နှစ် အမိန့် ထပ်မံချမှတ်လိုက်ကြောင်း ၎င်းနှင့် နီးစပ်သည့်အသိုင်းအဝိုင်းထံမှ သိရသည်။

ဒေါက်တာအေးဇံသည် ဝန်ကြီးချုပ် တာဝန်ယူစဉ်က လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်ထံမှ ငွေကြေးရယူခဲ့သည်ဟု စွပ်စွဲကာ စစ်ကောင်စီက အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် အမှု ၉ မှု တရားစွဲဆိုခဲ့သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် စွဲဆိုထားသည့်အမှုအတွက် ယနေ့ ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ စစ်ကောင်စီ အထူးတရားရုံးတွင် ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်ကြောင်း ဒေါက်တာအေးဇံ မိသားစုနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အဂတိမှုနဲ့ စွဲဆိုထားတာကို ဒီနေ့ ကျိုက်မရောအကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်” ဟု ၎င်းက ပြောဆိုသည်။

ဒေါက်တာအေးဇံကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလကလည်း ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုထားသည့်အမှုကို ထောင်ဒဏ် ၂ နှစ် အမိန့်ချထားသေးသည်။

လက်ရှိတွင် ဒေါက်တာအေးဇံသည် ထောင်ဒဏ် ၂၃ နှစ် အမိန့်ချမှတ်ခံထားရပြီး ရွေးကောက်ပွဲ မလျော် ဩဇာသုံးမှုဆိုသည့် စွဲဆိုချက်အတွက်လည်း တရားရင်ဆိုင်နေရဆဲဖြစ်သည်။

စစ်အာဏာသိမ်းစဉ်က ဒေါက်တာအေးဇံအပါအဝင် အစိုးရအဖွဲ့ဝင် ဝန်ကြီးအများစု ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

နောက်ပိုင်းတွင် ဖမ်းဆီးခံ ဝန်ကြီးများအားလုံးကို စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့ပြီး ဒေါက်တာအေးဇံ တစ်ဦးကိုသာ ဆက်လက်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ပုဒ်မတစ်ခုပြီးတစ်ခုတပ်ကာ တရားစွဲဆိုခဲ့သည်။