တနင်္သာရီမြို့အနီး ဘန်းလမွတ်တွင် တိုက်ပွဲဖြစ်

0
692

တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီးတွင် မေလ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

မေလ ၁၅ ရက်နံက် ၈ နာရီဝန်းကျင်က စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တို့ ဘန်းလမွတ် ကျေးရွာအနီး ပနပ်ငယ်ရွာတွင် မိနစ် ၃၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်ဖက်က ထိခိုက်ဒဏ်ရာရသူရှိခဲ့သည်ဟု ကြားရကြောင်း ဒေသခံများက ပြောသည်။

“စစ်တပ်ဖက်က တချို့ဒဏ်ရာရတယ်လို့ကြားတယ် အရေအတွက်တော့မသိရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မြိတ်မြို့မှ တနင်္သာရီသို့ သွားရောက် ဈေးရောင်းချနေသူတစ်ဦးက ဘန်းလမွတ်ရွာတွင် တိုက်ပွဲဖြစ်နေသည့်အတွက် ကားများ တုံးဗျောကျေးရွာမှ ပြန်လှည့်ကာ မြိတ်မြို့သို့ ပြန်လာခဲ့ရကြောင်း မေလ ၁၅ ရက်နေ့က ပြောသည်။

“လက်နက်ကြီးပစ်သံတွေလည်း ကြားရတယ်။ ကားတွေဆိုင်ကယ်တွေ လုံးဝ ပေးမသွားဘူး” ဟု ၎င်းက ဆိုသည်။

ယနေ့ (မေ ၁၆) တွင်မူ ကားများ သွားလာခွင့်ရနေပြီဖြစ်ကြောင်း မွန်းလွဲ ၁နာရီခန့်တွင် မြိတ်မြို့သို့ ရောက်ရှိလာသည့် ကားသမားတစ်ဦးက ပြောသည်။

ဘန်းလမွတ်ရွာတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို PDF အဖွဲ့သုံးဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိကြောင်း တနင်္သာရီ ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

ဘက်မလိုက်ပြောက်ကျားအဖွဲ့၊ တနင်္သာရီရိုးမပြည်သူ့ကာကွယ်ရေးအဖွဲ့၊ တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေး အင်အားစုတို့ ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ပြီး PDF ဘက်က အထိအခိုက်မရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်။

စစ်ကောင်စီတပ်သား သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုများနှင့် ပတ်သက်၍မူ Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

တနင်္သာရီမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များ တိုက်ပွဲမကြာခဏ ဖြစ်လေ့ရှိသော်လည်း ယခုတိုက်ပွဲမှာ တနင်္သာရီမြို့အနီးသို့ ပထမဆုံးရောက်ရှိလာသည့် တိုက်ပွဲဖြစ်ကြောင်း ဒေသခံများ ကပြောဆိုသည်။

တနင်္သာရီမြို့နှင့် ယခုတိုက်ပွဲဖြစ်သည့်နေရာသည် ၅ မိုင်ခန့်သာကွာဝေးကြောင်း ဒေသခံများက ပြောသည်။