စိုက်ပျိုးစရိတ်ကြီးသဖြင့် လယ်သမားများ မိုးစပါးစိုက်ရန်အခက်ကြုံ

0
727
farm

စိုက်ပျိုးစရိတ် ကြီးမြင့်သဖြင့် မြိတ်ခရိုင်အတွင်း ယခုနှစ်မိုးစပါးစိုက်ပျိုးရန် လယ်သမားများ အခက်ကြုံနေရကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က လယ်တစ်ဧကလျှင် လယ်ထွန်စက် ငှါးရမ်းခ တစ်သောင်းရှစ်ထောင်ကျပ်ရှိခဲ့ရာမှ ယခုနှစ်မိုးရာသီလယ်လုပ်ချိန်တွင် သုံးသောင်းဝန်းကျင် ခန့်ရှိနေသည်။

အလားတူ ဓါတ်မြေသြဇာသည်လည်း တစ်အိတ်လေးသောင်းကျပ်မှ လက်ရှိတွင် တစ်သိန်းငါးထောင်ကျပ်အထိ စျေးထိုးတက်လာကြောင်း လယ်သမားများကပြောသည်။

“စားစရိတ်ကလည်းစျေးကြီး အလုပ်သမားခလည်း စျေးကြီးနဲ့ ဒီနှစ်အရှုံးပေါ်ဖို့များတယ်”ဟု မြိတ်မြို့နယ်၊တောင်ရှည်ကျေးရွာအုပ်စုနေ လယ်သမားတစ်ဦးကပြောသည်။

ယင်းသို့စရိတ်ကြီးမြင့်ခြင်းကြောင့် ယခုနှစ်မိုးရာသီ လယ်လုပ်ကြသူ ယခင်ထက်နည်းကြောင်း မြိတ်မြို့နယ်အတွင်းရှိ လယ်သမားများကပြောသည်။

“သိရသလောက်ကတော့ လယ်သမားသုံးပုံမှာတစ်ပုံလောက် ဒီနှစ်လယ်မလုပ်ကြတော့ဘူး မြင့်တက်နေတဲ့ ကုန်ကျစရိတ်တွေနဲ့ လုံးဝမကိုက်ကြဘူး”ဟု မြိတ်မြို့နယ်၊သစ်ယာဝကျေးရွာအုပ်စုမှ လယ်လုပ်တောင်သူတစ်ဦး ကပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က စပါးဝတ်ပန်းလန်းချိန် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြိတ်မြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူအများအပြား အထွက်နှုန်းလျော့ပြီး အရှုံးပေါ်ကြရသည်။

“ဒီနှစ်ကပိုဆိုးမယ် စရိတ်တွေကကြီး အမတော်ချေးငွေကလည်း(ရ/မရ)မသေချာ ခုတောင်သူလက်ထဲမှာ လယ်လုပ်ဖို့   ကြေးပြား(ငွေ)မရှိကြတော့ဘူး”ဟု တောင်သူတစ်ဉီး ကပြောသည်။

မြိတ်မြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးနေသည့် လယ်ဧကလေးသောင်းကျော်နှင့် တောင်သူသုံးထောင်ကျော်ရှိကြောင်း မြိတ်မြို့နယ် လယ်ယာနှင့်စိုက်ပျိုးရေးဦးစီးဌါန စာရင်းအရ သိရသည်။

လယ်တစ်ဧက စပါးထွက်နှုန်း အနည်းဆုံးလေးဆယ်တင်းနှင့် အများဆုံးတင်းခုနှစ်ဆယ် ပုံမှန်ထွက်လေ့ရှိကြောင်း လယ်သမားများ ထံမှသိရသည်။

စပါးစိုက်ရန် ကုန်ကျစရိတ်ကြီးမြင့်မှုကြောင့် ယခုနှစ်တွင် တောင်သူများအနေဖြင့် လယ်မလုပ်ဘဲ ရပ်နားမည်ဟု ကြားသိသဖြင့် ဒေသအတွင်း ဆန်ဖူလုံရေးနှင့် လယ်သမားများအခက်အခဲ ပြေလည်စေရေး အကူအညီပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်အသင်း ဥက္ကဌ  ဦးမောင်ထွေး ကပြောသည်။

“မိုးစပါးစိုက်ဖို့ အခက်အခဲရှိနေသူတွေ ကျွန်တော့်ကိုလာဆက်သွယ်ပါ။ လက်ရှိအခက်အခဲရှိနေသူတွေကို ဦးစားပေးပြီးတော့ ကျွန်တော်တစ်ဦးတည်းသော်လည်းကောင်း အဖွဲ့နဲချိတ်ဆက်ပြီးသော်လည်းကောင်း အကူအညီပေးသွားပါ့မယ်”ဟု ၎င်းကပြောသည်။

လက်ရှိလယ်ထွန်စက်ကြီးတစ်စီးဖြင့် မြိတ်မြို့နယ်၊ကျောက်ဖျာကျေးရွာအုပ်စုတွင် စတင်ထွန်ယက်ပေးနေပြီး မြိတ်မြို့နယ်၊နတ်ရှင်သတ်ကျေးရွာအုပ်စုနှင့်

သစ်ယာဝ ကျေးရွာအုပ်စုမှ လယ်ဧကတစ်ထောင်ခန့်ကလည်း အကူအညီတောင်းထားသည်ဟု ၎င်းကပြောပြသည်။

ယင်းသို့ကူညီနိုင်ရန်အတွက် နောက်ထပ် လယ်ထွန်စက်ကြီးနှစ်စီးလည်း ထပ်မံရောက်ရှိလာမည်ဖြစ်ကြောင်း မြိတ်ခရိုင်ဆန်စက်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဌ လည်းဖြစ် မြိတ်မြို့ရှိ အိုကေဆန်စက်လုပ်ငန်းရှင် တစ်ဦးလည်းဖြစ်သူ ဦးမောင်ထွေး ကပြောပြသည်။

“ဆီဖိုးနဲ့မောင်းခ စရိတ်လေးလောက်ပဲ ယူပြီး လက်ရှိအခက်အခဲဖြစ်နေတဲ့ တောင်သူတွေကို ဦးစားပေးပြီးတော့ အကူအညီပေးသွားမယ်”ဟု ၎င်းကပြောသည်။

ယင်းသို့ ထွန်ယက်မှုအကူအညီအပြင် နေရာဒေသနှင့်ကိုက်ညီမည့် မျိုးစပါးကိုလည်း ဆက်လက် အကူအညီပေးသွားမည်ဖြစ်ကြောင်း ဦးမောင်ထွေး ကပြောသည်။

“ထွန်ယက်ခ ကျသင့်တဲ့စရိတ်ကလည်း ချက်ခြင်းပေးစရာမလိုဘူး နွေစပါးပေါ် စပါးရောင်းပြီးမှ ပြန်ပေးလို့ရတယ်။ စပါးကိုတော့ ကြိုက်တဲ့နေရာမှာ ရောင်းချနိုင်ပါတယ်”ဟု ၎င်းကဆိုသည်။

အထက်ပါလုပ်ငန်းရှင်က ယင်းသို့ကူညီမည့်အပေါ်  ဝမ်းမြောက်ကြိုဆိုကြောင်း ကံပြင်ကျေးရွာနေ လယ်သမားတစ်ဦးကပြောသည်။

“ဒီလိုလုပ်ပေးမယ်ဆိုရင် တော်တော်ကောင်းတယ် ကျွန်တော်တို့မှာက ဒီအလုပ်ပဲရှိတာ”ဟု ၎င်းကပြောသည်။

အိုကေဆန်စက်ပိုင်ရှင်မှ မြို့သစ်စီမံကိန်းလုပ်ရန် လယ်အသိမ်းခံထားရသည့် လယ်သမားများအား ပုံစံ (၇) မရှိသည့်အတွက် အစိုးရမှ ထုတ်ချေးသည့် အမတော်ကြေးမရရှိသဖြင့် ဦးမောင်ထွေးက အတိုးမဲ့ချေးပေးနေသည်မှာ ဆယ်စုနှစ်တစ်ဝက်ကျိုးလာနေပြီဖြစ်ကြောင်း ကျောက်ဖျာကျေးရွာအုပ်စု၊ ကဘင်းကျေးရွာအုပ်စုနေ လယ်သမားများ ထံမှသိရသည်။

စပါးရိတ်သိမ်းချိန်က စပါးအကြမ်းတစ်တင်း ခုနှစ်ထောင်ဝန်းကျင်ပေါက်စျေးရှိခဲ့ပြီး လက်ရှိအချိန်တွင် ကိုးထောင်ကျပ်စျေးပေါက်ကာ စပါးအချောမှာ တစ်သောင်းသုံးထောင်စျေးပေါက်နေကြောင်း တောင်သူများနှင့် ဆန်စက်လုပ်ငန်းရှင်များ ထံမှသိရသည်။