မလေးရှားသို့ တရားမဝင်သွားမည့် မြန်မာ ၁၇ဦး ထိုင်းတွင် အဖမ်းခံရ

0
661
ကိုးကား - MGR Online ภาดใต้

မလေးရှားနိုင်ငံတွင် သွားရောက်လုပ်ကိုင်ရန် စက်လှေဖြင့် ထိုင်းနိုင်ငံ ရနောင်းခရိုင်သို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၇ဦးကို ဖမ်းမိကြောင်း ထိုင်းအာဏာပိုင်များက ပြောဆိုသည်။

မြန်မာအလုပ်သမား ၁၇ ဦးနှင့် ထိုင်းလူမျိုး လမ်းပြသုံးဦးတို့သည် ရနောင်းခရိုင် ပါ့က်နမ်ဒေသ စင်းဟိုင်းကျွန်းအနီး လှေတစ်စီးပေါ်တွင် ရှိနေသည်ဟု သတင်းရသဖြင့် မေလ ၁၂ ရက်ညတွင် ထိုင်းအာဏာပိုင်များက မော်တော် ဘုတ်များဖြင့် အလစ်ဝင်ဖမ်းခြင်းကြောင်း အာဏာပိုင်များက ပြောဆိုထားသည်။

ဖမ်းဆီးခံရသော မြန်မာအလုပ်သမားများတွင် အမျိုးသား ၁၂ ဦး၊ အမျိုးသမီး ငါးဦး ပါဝင်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မြန်မာများသည် ကော့သောင်းမှတစ်ဆင့် ထိုင်းမြန်မာနယ်စပ်ဖြစ်သော ကောလမ်ကျွန်းမှ လှေဖြင့် လာကာ ရနောင်းခရိုင် ကော့ဖရာမ်ကျွန်းသို့ ဦးတည်သွားနေစဉ် ဖမ်းမိခြင်း ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ဆိုသည်။  

မြန်မာအလုပ်သမားများသည် လှေပေါ်တွင် တစ်ဦးနှင့် တစ်ဦး ပူးကပ်ကာ ခက်ခက်ခဲခဲလိုက်ပါခဲ့ကြရပြီး မလေးရှား နိုင်ငံသို့ သွားရောက်လုပ်ကိုင်ကြရန် ရည်ရွယ်ထားကြောင်း အာဏာပိုင်များက ပြောဆိုသည်။

ဖမ်းဆီးခံရသူများကို ရနောင်းဆေးရုံတွင် ကိုဗစ်ပိုး ရှိမရှိစစ်ဆေးစေခဲ့ပြီးနောက် ရနောင်းခရိုင် ပါက်နမ်ရဲစခန်းသို့ ပိုဆောင်ကာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

မေလ ၁၀ ရက်နေ့တွင် မြဝတီ-မဲဆောက်နယ်စပ်ဂိတ်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် မြန်မာလုပ်သားများ စတင်ဝင် ရောက်ခွင့်ပြုခဲ့သည်။

သို့သော်ယင်းစနစ်မှာ အချိန်စောင့်ရခြင်း၊ ငွေကြေးအကုန်အကျများခြင်း စသည်တို့ကြောင့် တရားမဝင် ဝင်ရောက် လုပ်ကိုင်သူများမှာ လျော့ကျသွားခြင်းမရှိ‌သေးကြောင်း ထိုင်းရောက် မြန်မာအလုပ်သမား အရေးဆောင်ရွက်သူ အချို့က ပြောသည်။

ကိုးကား – MGR Online ภาดใต้