တနင်္သာရီတိုင်းကို လာမည့် ခရီးသည်များ ရေးမြို့တွင် သောင်တင်နေ

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

တနင်္သာရီတိုင်းကိုလာမည့် ခရီးသည်များ မွန်ပြည်နယ်ရေးမြို့တွင် သောင်တင်နေသည်မှာ ၇ ရက်ခန့်ရှိနေပြီ ဖြစ်ကြောင်း ကားသမားအချို့ထံမှ သိရသည်။

တနင်္သာရီတိုင်းဘက်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား စစ်ရေးတင်းမာနေ သဖြင့် ခရီးမဆက်ရဲကြဘဲ သောင်တင်နေခြင်းဖြစ်ကြောင်း ကားသမားအချို့က ပြောဆိုသည်။

“ဂိတ်တွေက မဖွင့်ပေးလို့ မသွားရတာ မဟုတ်ဘူး။ အခုက ထီးခီးလမ်းဘက်ကိုသွားရမှာ ကြောက်လို့ ရေးမှာပဲ သောင်တင်နေကြတာ။ (သောင်တင်နေတဲ့) ခရီးသည်တွေကတော့ တော်တော်များတယ်” ဟု ကားသမားတစ်ဦးက ဆိုသည်။

တနင်္သာရီတိုင်း ထားဝယ်နှင့် အခြာမြို့များသို့သွားမည့် ခရီးသည်များမှာ ပုံမှန်အတိုင်း သွားလာနေကြ သော်လည်း ထားဝယ် – ထီးခီးလမ်းဖြတ်ပြီးသွားမည့် ခရီးသည်များမှာ မသွားရဲဘဲဖြစ်နေကြောင်း ကားသမားအချို့က ပြောဆိုသည်။

ထားဝယ်-ထီးခီးလမ်းပိုင်းရှိ သဗျာ၊ ပကာရီ၊ ကျောက်မဲတောင်၊ တောင်သုံးလုံး စသည့်နေရာများတွင် ဧပြီလ နောက်ဆုံးအပတ်ကစပြီး စစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် လက်နက်ကြီးပစ်ခတ်မူများကြောင့် ဒေသခံများမှာ စစ်ဘေးရှောင်နေကြရသည်။

ဒေသကာကွယ်ရေးတပ်ဖွဲ့များဘက်ကလည်း ထားဝယ် – ထီးခီးလမ်းပိုင်း အသုံးပြုခြင်းကို ယာယီရပ်နားရန် ဧပြီလ နောက်ဆုံးအပတ်က သတိပေးထုတ်ပြန်ခဲ့ပြီး မေလ ၅ ရက်တွင်မူ ယင်းလမ်းပိုင်းအား နံနက် ၆ နာရီမှ ညနေ ၆နာရီအတွင်း ဖြတ်သန်းသွားလာကြရန် ထုတ်ပြန်ခဲ့သည်။

အခြားတိုင်းနှင့် ပြည်နယ်တွင်နေထိုင်ကြသူတို့သည် မိုးရာသီဆိုပါက လယ်၊ ဥယျာဉ်ခြံနှင့် အခြားလုပ်ငန်း များ လုပ်ကိုင်ရန် တနင်္သာရီတိုင်းသို့ လာလေ့ရှိသည်။ ယင်းအပြင် ထားဝယ်-ထီးခီးလမ်းအတိုင်း ထိုင်းနိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်သူများလည်းရှိသည်။