ကော့သောင်းမြို့နယ်တွင် ညမထွက်ရအချိန်လျော့ချသတ်မှတ်

0
435

ကော့သောင်းမြို့နယ်အတွင်း မေလ ၁၂ ရက်မှစပြီး ညမထွက်ရအချိန်ကို လျော့ချသတ်မှတ်လိုက်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက ထုတ်ပြန်သည်။

ယခင် ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ မထွက်ရဟု အမိန့်ထုတ်ထားခဲ့ရာ ယခု ည ၁၂ နာရီမှ နံနက် ၄ နာရီအတွင်း ညမထွက်ရဟု ပြင်ဆင်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ထားဝယ်နှင့် မြိတ်ခရိုင်အတွင်းတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတို့ စစ်ရေးတင်မာနေချိန် ကော့သောင်းမြို့နယ်တွင် ယင်းကဲ့သို့ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

ကော့သောင်းမြို့တွင် တိုက်ပွဲဖြစ်ပွားမှုမရှိသော်လည်း တနင်္သာရီတိုင်း ကျန်ဒေသများတွင် ဧပြီလအတွင်း တိုက်ပွဲ ၁၇ ကြိမ်ကျော်ဖြစ်ပွားခဲ့သည်။

ယင်းအမိန့်သည် မေလ ၁၂ ရက်မစပြီး နှစ်လအထိ အကျုံးဝင်ပြီး လိုအပ်လျှင် နှစ်လပြည့်ပါက နောက်ထပ်အမိန့်တစ်ခု ထပ်ထုတ်ပြန်နိုင်ကြောင်း ကော့သောင်းမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

ကော့သောင်းမြို့နယ်အတွင်း ကိုဗစ်ရောဂါကူးစက်မူလျော့ကျလာခြင်း၊ ဒေသတွင်း ဥပဒေစိုးမိုးမူရှိလာခြင်းကြောင့် ညမထွက်ရအချိန် လျော့ချပြင်ဆင်သတ်မှတ်ထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကော့သောင်းမြို့ခံအချို့ကမူ ယင်းကဲ့သို့ ညမထွက်ရအမိန့် ပြင်ဆင်သတ်မှတ်ပေးသော်လည်း ထူးခြားမူရှိမည်မဟုတ်ကြောင်း မှတ်ချက်ပေးသည်။

“ဖမ်းချင်ရင် ပုံစံမျိူးစုံ၊ နည်းမျိုးစုံနဲ့ ဖမ်းနေကြတာပဲ။ ဒီအချိန်မှာ ဥပဒေတွေစည်းကမ်းတွေ၊ ညွန်ကြားချက်တွေဆိုတာ စာရွက်ပေါ်မှာပဲရှိတယ်။ တကယ်တမ်း‌(မြေပြင်မှာ) လုပ်ချင်တာလုပ်နေကြတာ” ဟု ရွှေပြည်သာရပ်ကွက်နေသူ တစ်ဦးက ဆိုသည်။

ညမထွက်ရအချိန်ကိုသာ ပြင်ဆင်သတ်မှတ်ပေးခဲ့သော်လည်း အများပြည်သူနှင့်ဆိုင်သောနေရာတွင် လူငါးဦးထက်ပိုမစုရ၊ စီတန်းလှည့်လည်ဆန္ဒပြခြင်း၊ ဟောပြောခြင်း စသည်တို့ကိုမူ ယခင်အတိုင်း ကန့်သတ်ထားဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ မေလ ၁ ရက်မှစပြီး ခရီးသွားလာခြင်းမပြုကြရန်၊ မဖြစ်မနေသွားရမည်ဆိုလျှင် စစ်ကောင်စီယာဉ်တန်းနှင့် အနီးကပ်သွားလာခြင်းမပြုကြရန်၊ စစ်ရေးသတိရှိကြရန် သတိပေးထုတ်ပြန်ထားသည်။

ကော့သောင်းမြို့သည် မြန်မာနိုင်ငံ၏ တောင်ဘက်အစွန်ဆုံးဖြစ်သော ဝိတိုရိယအငူ ပင်လယ်ကမ်းစပ်၌ တည်ရှိပြီး ကော့သောင်းနှင့် ထိုင်းနိုင်ငံမှ ရနောင်းမြို့သည် ပင်လယ်ရေနယ်နိမိတ်ချင်းဆက်စပ်နေကာ မျက်နှာချင်းဆိုင်တည်ရှိနေသည်။