သရက်ချောင်းတွင် ပျူစောထီးစခန်းကို PDF ဝင်တိုက်

0
661

သရက်ချောင်းမြို့နယ်၊ ပဲဒက်ကျေးရွာရှိ ပျူစောထီးအဖွဲ့နေသည့် ရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ (PDF )က ယနေ့(မေ ၁၁)နံနက် ၆ နာရီခန့်က ဝင်‌ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ပျူစောထီးအဖွဲ့များသည် ပဲဒက်ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးနှင့် ကျေးရွာစာကြည့်တိုက်တို့တွင် စခန်းချနေထိုင်နေခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

ပျူစောထီးအဖွဲ့များနေထိုင်သည့် ရုံး၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံး၊ အုပ်ချုပ်ရေးမှူးအိမ်နှင့် ပျူစောထီးအဖွဲ့ဝင်တို့၏ နေအိမ်များကို PDF ပူးပေါင်းတပ်ဖွဲ့က သေနတ်များဖြင့် အချက်ပေါင်းများစွာပစ်ခတ်ကာ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပဲဒက်ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

PDF ပူးပေါင်းတပ်ဖွဲ့များ ဝင်လာချိန်တွင် ပျူစောထီးအဖွဲ့ဝင်များက ထွက်ပြေးသွားကြပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးဝေနှင့် ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်လှတို့မှာ ကြိုတင်သတင်းရရှိမှုကြောင့် မနေ့ညတည်းက ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံအချို့က ပြောသည်။

ယင်းပစ်ခတ်မှုတွင် အသက် ၉ နှစ်အရွယ်ကလေးတစ်ဦး ခြေထောက်ကို ကျည်ဆန်ထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

“ကလေးတစ်ယောက်ထိတယ်ဆိုတာက ကလေးက အိပ်နေတာမှတ်တယ်။ ကျည်က ခြေထောက်ကိုလာမှန်တယ်ဆိုပြောတယ်၊ ကျွန်တော်တို့လည်း ထွက်မရဲဘူး၊ အခုလည်း စစ်တပ်တွေရောက်နေတယ်” ဟု ဒေသခံအမျိုးသားက ဆိုသည်။

အဆိုပါ ကလေး၏ ခြေသလုံးကို ကျည်ဆန်ထိမှန်ခဲ့ခြင်းဖြစ်ပြီး ပလောက်ဆေးရုံကို အရေးပေါ်ကားဖြင့် တင်ပို့လိုက်ပြီဖြစ်ကြောင်း အထက်ပါအမျိုးသားက ပြောသည်။

ဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များသည် ပျူစောထီးအဖွဲ့များ စခန်းချနေသည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရုံး၊ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးစိုးဝေ၏ နေအိမ်၊ ပျူစောထီးအဖွဲ့ဝင် ဦးဉာဏ်လှ၏ နေအိမ်တိုကို မီးရှို့ဖျက်ဆီးခဲ့ပြီး မိုင်တဲတာဝါတိုင်ကိုလည်း မိုင်းခွဲကာ မီးတင်ရှို့ခဲ့သည်ဟု ဒေသခံအချို့က ပြောသည်။

ယခု နေ့လယ် ၁၂ နာရီခန့်တွင်လည်း စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် ရွာသားများမှာ အိမ်ထဲမှ အိမ်ပြင်မထွက်ရဲဘဲ ဖြစ်နေကြသည်ဟု ဒေသခံအချို့က ပြောသည်။