လက်နက်ကြီးကျည်ကျ၍ ရွာသားတစ်ဦး သေဆုံး၊ ရဟန်းတစ်ပါးဒဏ်ရာရ

0
231

ထားဝယ်မြို့ တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်ကျရောက်မှုကြောင့်ကျောင်းထိုင်ဆရာတော်တစ်ပါး ဒဏ်ရာရခဲ့ပြီး ရွာသားတစ်ဦး သေဆုံးခဲ့ကြောင်း ဒေသခံများထံမှသိရှိရသည်။

ယနေ့ (မေ ၁၀)ညနေ ၄ နာရီခွဲခန့်တွင် ထားဝယ်မြို့နယ်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ကျေးရွာအုပ်စု တောင်သုံးလုံးရွာရှိ ဘုန်းကြီးကျောင်းအတွင်း လက်နက်ကြီးကျည်ဆန် ကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“ဆရာတော်ကိုတော့ ထားဝယ်ဆေးရုံကို ပို့လိုက်ပြီ၊ ရွာသားကတော့ လမ်းမှာဆုံးသွားလို့ အိမ်ကိုပြန်ခေါ်လာတယ်၊ လက်နက်ကြီးစ ဗိုက်ထဲဝင်သွားတာ” ဟု ဆေးရုံကို ကူညီပို့ဆောင်ပေးခဲ့သည့် ဒေသခံရွာသားတစ်ဦးက ပြောသည်။

ယနေ့ ညနေ ၄ နာရီခန့်က ထားဝယ်ခရိုင်၊ မေတ္တာမြို့၊ ကျောက်မဲတောင်ရွာအနီးရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်းတစ်ခုကို ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး ၄၅ မိနစ်ခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

သို့သော် ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ အသေးစိတ်အခြေအနေကိုမူ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

နှစ်ဖက် သေနတ်ပစ်ခတ်သံများ လက်နက်ကြီးပစ်သံများ ကြားရကြောင်း၊ ဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည်ဆန်ကျရောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများကို အရေးပေါ်ကားဖြင့် ထားဝယ်ဆေးရုံကို ပို့သည်ဟု ကြားရကြောင်း ဒေသခံများကလည်း ပြောဆိုသည်။