အညစ်အကြေးကျွေး၍ ရောဂါကုသည့် ဘာသာရေး ခေါင်းဆောင်ဆိုသူကို ထိုင်းရဲဖမ်းဆီး

0
553
အသက်၇၅နှစ်အရွယ် ဘာသာရေး ခေါင်းဆောင်ဆိုသူ Thawee Nanra

အညစ်အကြေးများကျွေးပြီး ကျန်းမာရေးကုသပေးသည်ဟု နာမည်ကြီးနေသော ဘာသာရေးဂိုဏ်းအမည်ခံ အဖွဲ့တစ်ခုမှ ခေါင်းဆောင်ဖြစ်သူကို မေလ ၈ ရက်‌‌ေန့တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးလိုက်သည်။

ထိုင်းနိုင်ငံ ချိုင်ရဖုမ်ခရိုင်ရှိ ယင်းအဖွဲ့အစည်းမှ ခေါင်းဆောင်ဆိုသူမှာ အသက်၇၅နှစ်အရွယ် Thawee Nanra ဆိုသူဖြစ်ပြီး မိမိကိုယ်ကို လူသားများအတွက်ဘာမဆိုလုပ်ပေးနိုင်သော “ဖခင်” အဖြစ်ခံယူထားပြီး ယင်းနယ်တစ်ဝိုက်တွင် လူသိများကျော်ကြားသော ဘာသာရေးခေါင်းဆောင် တစ်ဦးဖြစ်သည်။

လူတချို့၏ပြောကြားချက်များအရ ထိုသူသည် ဘာသာရေးအရ ယုံကြည်သူများကို သူ၏ကျင်ငယ်ရေများ၊ မစင်များ၊အညစ်အကြေးများအား ကျန်းမာရေးအကြောင်းပြချက်ဖြင့် အတင်းအကျပ်စားသုံးစေခဲ့ကြောင်း ထိုင်းမီဒီယာများတွင် ရေးသားဖော်ပြချက်အရသိရသည်။

ယင်းခေါင်းဆောင် ၏ လမ်းညွှန်ချက်ဖြင့် ခန္ဓာကိုယ်ရှိ အညစ်အကြေး၊အရည်များကို ယုံကြည်သူများအား စားသုံးစေကြောင်း ယင်းပတ်ဝန်းကျင်ရှိ ပြည်သူများနှင့် ဆိုရှယ်မီဒီယာများမှ တစ်ဆင့် ထိုင်းအာဏာပိုင်များက သိရှိပြီး၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ 

ထိုအဖြစ်အပျက်များသည် လူမှုကွန်ရက်စာမျက်နှာများတွင် လျင်မြန်စွာပျံ့နှံ့သွားခဲ့ပြီး #Father ဟူသော Hashtag ဖြင့် အညစ်အကြေးများစားသုံးခြင်းကို ဆန့်ကျင်ကြောင်း မေလ ၉ ရက်‌တနင်္လာနေ့ နေ့လယ်တွင် mentioned ပေါင်း ၁၄၁၀၀၀ ဖြင့်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းများတွင် ဖော်ပြထားသည်။

ရုပ်မြင်သံကြားအစီအစဥ်တစ်ခုတွင် ထိုအဖွဲ့အစည်း၏ အဖွဲ့ဝင်ဆိုသူအမျိုးသမီးတစ်ဦးသည် “အညစ်အကြေးများကို စားသုံးနေစဥ်တွင် မနှစ်မြို့ဖွယ်ရနံ့များ မရခဲ့ကြောင်း၊ စိတ်မသန့်ရှင်းသူသာလျှင် အနံရမည်ဖြစ်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ကြောင်း AMARIN NEWS ကဖော်ပြသည်။

ယင်းဘာသာရေးခေါင်းဆောင်ကို ဖမ်းဆီးပြီးနောက် ရဲတပ်ဖွဲ့က ဘာသာရေးစခန်းအတွင်း ဝင်ရောက်ရှာဖွေခဲ့ရာ ခေါင်းတလားအတွင်းမှ လူသေအလောင်း ၁၁ လောင်းကို တွေ့ရှိခဲ့ကြောင်းထုတ်ပြန်သည်။

သို့သော် သေဆုံးသူ ၁၁ ဦးအနက်မှ ၅ ဦး၏ အချက်အလက်များနှင့် သေစာရင်းလက်မှတ်များကိုသာ ရဲတပ်ဖွဲ့က ထုတ်ပြန်နိုင်ခဲ့သည်။ 

ကျန်ရှိသော ရုပ်အလောင်းများအား သေဆုံးရခြင်းအကြောင်းအရင်း အသေးစိတ်သိရှိရန်အတွက် ထိုင်းရဲတပ်ဖွဲ့မှ အလောင်းများကို ခွဲစိတ်စစ်ဆေးရန် ညွှန်ကြားထားကြောင်း ထုတ်ပြန်ထားသည်။

ဘာသာရေး‌ေနာက်လိုက်များကို စုံစမ်းစစ်ဆေးသောအခါတွင် အဆိုပါအလောင်းများမှာ သူတို့နတ်ပြည်တက်ရောက်ရန်အတွက် သူတို့ခေါင်းဆောင်ကို လှူထားကြောင်း ဆိုခဲ့သည်။

ထိုင်းရဲတပ်ဖွဲ့မှ ထိုဘာသာရေးခေါင်းဆောင်ကို စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးခဲ့သောအချိန်တွင် ၎င်းနောက်လိုက်တပည့်များက အသက်ကြီးရွယ်အိုတစ်ယောက်ကို မဖမ်းဆီးရန်အတွက် တားဆီးပိတ်ပင်မှုများပင် ပြုလုပ်ခဲ့ကြသေးသည်။

အဆိုပါဘာသာရေးခေါင်းဆောင်ဆိုသူ Thawee ကို ခွန်စန်ရဲစခန်းတွင် ထိန်းသိမ်းထားဆဲဖြစ်ပြီး သူ့နောက်လိုက်များသည် ရဲစခန်းအပြင်ဘက်တွင် စောင့်ဆိုင်းနေကြကြောင်း The Nation Thailand ကဖော်ပြသည်။

ထိုင်းအာဏာပိုင်များသည် အဆိုပါဘာသာရေးဂိုဏ်း၏ အဆောက်အအုံ ပတ်ဝန်းကျင်အတွင်း အခြားမသင်္ကာဖွယ်ရာပစ္စည်းများကိုဆက်လက်ရှာဖွေလျက်ရှိပြီး ဆက်လက်ဖြစ်ပေါ်လာမည့် အကြောင်းအရာများကို ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောဆိုသည်။

ကိုးကား THAI ENQUIRER , Bangkok Post , The Nation Thailand , AMARIN NEWS