လောင်းလုံး ညောပြင်ရွာကို စစ်ကြောင်းထိုးရှာနေ၊ ဒေသခံအချို့ အဖမ်းခံရပြီး အချို့ဒဏ်ရာရ

0
583
ညောပြင်ရွာ

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ညောပြင်ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့ (မေ ၉) တွင် ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေ ဖမ်းဆီးစစ်ဆေးနေကြောင်း ဒေသခံအချို့က ပြောသည်။

ယနေ့ နံနက်စောစောအချိန်မှစပြီး ကျောက်ဝပ်ပြင်ကျေးရွာ ကျိုက်ထီးရိုးတောင်ပေါ်မှနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

“ဒီနေ့ မိုးလင်းတာနဲ့ စစ်တပ်က ရွာထဲရောက်လာတာ။ ပင်လယ်ဖက်မှာကလည်း စစ်‌သင်္ဘောတစ်စီး ရပ်ထားတာ ရှိနေတယ်။ ရွာထဲကို ရေကြောင်း၊ ကုန်းကြောင်းကနေ ဝိုင်းပြီး စစ်ဆေးနေတာ” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယင်းကဲ့သို့ ဝင်ရောက်လာပြီးနောက် ညောပြင်ရွာတွင် တစ်အိမ်တက်ဆင်း လိုက်လံရှာဖွေ ဖမ်းဆီး စစ်ဆေးနေသောကြောင့် ဒေသခံ လေးဦး အဖမ်းခံထားရသည့်အနက် နှစ်ဦးမှာ ဒဏ်ရာရရှိထားကြောင်း ဒေသခံအချို့က ဆိုသည်။

“ရွာထဲ ရုတ်တရက် ရောက်လာပြီး အိမ်ထဲ ဝင်စစ်တာဆိုတော့ ကြောက်ပြီးထွက်ပြေးတဲ့ နှစ်ယောက်ကတော့ သေနတ် ပစ်ခံလိုက်ရလို့ ဒဏ်ရာရထားတယ်လို့ ကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်မှစပြီး ညောပြင်ရွာဖက်ကနေပြီး သေနတ်သံများ စတင်ကြားရကြောင်း ညောပြင်ရွာနှင့် ရွာချင်းဆက်နေသည့် အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောသည်။

“သေနတ်သံကတော့ ဆက်တိုက်ပဲ။ ပစ်ခတ်သံတွေ ဆူညံနေတာ” ဟု ၎င်းကပြောသည်။

လတ်တလော ဖုန်းဆက်သွယ်ရေး အခက်အခဲကြောင့် ဖမ်းဆီး၊ ဒဏ်ရာရသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်းကို အသေးစိတ် အတည်ပြုမေးမြန်းနိုင်ခြင်း မရှိသေးပေ။

ယနေ့ ည‌ ၇ နာရီအချိန်အထိ ဆက်သွယ်မေးမြန်းချက်အရ အဖမ်းခံထားရသူလေးဦးမှာ မလွတ်မြောက်သေးကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“တစ်နေ့လုံးပဲ ဖမ်းပြီးစစ်မေးလိုက် ပြန်လွှတ်လိုက် လုပ်နေတာ။ အခုလေးယောက်ကတော့ အခုထိ အဖမ်းခံထားရသေးတယ်” ဟု ၎င်းက ပြောဆိုသည်။

မေလ ၅ ရက်ညက သကျက်တောကျေးရွာ နယ်မြေရဲစခန်းကို PDF အဖွဲ့က ဝင်ရောက်ပစ်ခတ်ပြီးနောက် ညောင်ပြင်၊ ကျောက်မတ္တပ်ကျေးရွာတို့ကို စစ်ကောင်စီက စစ်ကြောင်းထိုး ဝင်ရောက်ရှာဖွေဖမ်းဆီး စစ်ဆေးနေခြင်း ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

သကျက်တောရွာနှင့် ညောပြင်၊ ကျောက်မတ္တပ်ကျေးရွာသည် ကုန်းလမ်းဖြင့် ၁၃ မိုင်ခန့်ကွာဝေးပြီး ရေလမ်းကြောင်း တဆက်တစပ်တည်းရှိသည့် ကျေးရွာများဖြစ်သည်။ ယင်းကျေးရွာနှစ်ရွာအပါအဝင် အနီးအနား ကျေးရွာများသည် ရေလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာများဖြစ်ကြသည်။

စစ်ကောင်စီတပ်များ ဝင်ရောက်စစ်ဆေးပြီးနောက် ညောပြင်ရွာသို့ ဖုန်း ဆက်သွယ်ရ ခက်ခဲလာကြောင်း အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ပြောကြားသည်။

“ဖုန်းလိုင်းတွေ တမင်ရှုပ်အောင်ပဲ လုပ်ထားတာလား မသိဘူး။ ညောပြင်ကို ဖုန်းဆက်လို့ မရတော့ဘူး။ ဆက်တိုက် ဆယ်ခါလောက်ဆက်မှ တစ်ခါပဲ ဆက်လို့ရတယ်” ဟု ၎င်းကဆိုသည်။

Dawei Watch အနေဖြင့်လည်း ညောပြင်ကျေးရွာ ဖုန်းနံပါတ် ခြောက်လုံးအား အကြိမ်ကြိမ်ဆက်သွယ်ခဲ့ရာ နှစ်လုံးသာ ဆက်သွယ်ရရှိခဲ့သည်။ သို့သော် ဖုန်းသံမှာ ကြည်လင်ပြတ်သားမူ မရှိဖြစ်နေသည်။

ယနေ့ည ၇ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ညောပြင်ရွာမှနေပြီး ကားဖြင့်ထွက်ခွာသွားသည်ကို တွေ့ရသော်လည်း အချို့မှာ ကျန်နေသေးကြောင်း အောက်ကျောက်ဝပ်ရွာသားတစ်ဦးက ဆိုသည်။

ညောပြင်ကျေးရွာသည် ထားဝယ်မြို့မှ မိုင် ၄၀ အခန့်အကွာ ဒေသတွင်းနာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေ တည်ရှိသည့် ကျေးရွာဖြစ်သည်။ ကျေးရွာတစ်ဖက်ခြမ်းကို ပင်လယ်၊ ကျန်တစ်ဖက်ကို တောတောင်များဖြင့် ဝန်းရံထားသည်။