တနင်္သာရီမြို့နယ် ထုံခါအကျဉ်းစခန်း တိုက်ခိုက်ခံရ

0
435

တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စုရှိ ထုံခါအကျဉ်းစခန်း ယနေ့ (မေ ၈) နံနက် ၅နာရီခန့်က တိုက်ခိုက်ခံရကြောင်း ဒေသခံများထံမှ သိရသည်။

ထုံခါအကျဉ်းစခန်းကို မေလ ၈ ရက်နံနက်က လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီ ဒေသခံများက ပြောသည်။

“ကြက်တွန်ကြီး ဝင်ပစ်ကြတာ။ ရဲနှစ်ယောက်သေပြီး ဒဏ်ရာရကြတယ်လို့လည်းကြားတယ်။ အသေးစိတ် မသိရသေးဘူး” ဟု သိန်ခွန်းကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

သိန်ခွန်းကျေးရွာအုပ်စုရှိ ဆင်ဖြူရှင် ၄ ထုံခါအကျဉ်းစခန်းအား ယနေ့ နံနက် ၅ နာရီအချိန်က ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၏ မြိတ်ခရိင်တပ်ရင်း (၂) တပ်ခွဲတစ်ခုက ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြောင်း Tanintharyi Defense Force အဖွဲ့က ထုတ်ပြန်သည်။

စခန်းအား ဝင်ရောက်စီးနင်းခဲ့စဉ် မိနစ် (၂၀) ခန့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖက်က သုံးဦး သေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရကာ သေဆုံးနိုင်ခြေရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖက်ကလည်း တစ်ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦး ကျဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြသည်။

တနင်္သာရီမြို့နယ်တွင် ဆင်ဖြူရှင် (၄) စခန်းနှင့် ဆင်ဖြူရှင် (၅) ဟူသော အကျဉ်းစခန်း နှစ်ခုရှိပြီး ယခု တိုက်ခိုက်ခံရသည့်အကျဉ်းစခန်းသည် ရေဖြူစစ်ဗျူဟာနှင့် သုံးမိုင်ခန့်သာကွာဝေးသည့် အကျဉ်းစခန်း တစ်ခုဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်ကောင်စီတပ်ဖက်က သေဆုံးမှုကို Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။