လောင်းလုံး သကျက်တောရွာတွင် စစ်ကောင်စီ တပ်စွဲထား၊ ‌ပစ်ခတ်မှုဖြစ်မည်ကို ဒေသခံများစိုးရိမ်

0
242

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာ နယ်မြေရဲစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က အဆိုပါရဲစခန်းနှင့် ကျေးရွာထဲတွင် နေရာယူတပ်စွဲထားကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းကဲ့သို့ တပ်လာစွဲထားသဖြင့် ပစ်ခတ်မှုဖြစ်ပွားလာမည်ကို စိုးရိမ်ပြီး ဒေသခံအချို့တိမ်းရှောင်နေကြ ကြောင်း ၎င်းတို့က ပြောကြားသည်။

“ကျွန်တော်တို့ကတော့ ကြောက်လန့်နေရတာပေါ့နော်။ သူတို့တတွေ ဘယ်အချိန်ထပြီး ပစ်ကြခတ်ကြမလဲ ဆိုတာလည်း မသိဘဲကို။ ကြောက်ကြောက်လန့်လန့်နဲ့ပဲ ရှောင်ပြီးနေနေကြရတာပေါ့” ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။

ရဲကင်းစခန်း ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်က ‌သကျက်တောကျေးရွာအုပ်စု ရဘဲရွာ တောင်သာယာကမ်းခြေသို့ ရေကြောင်းခရီးဖြင့် ရောက်လာပြီး ယင်းမှတစ်ဆင့် ‌‌သကျက်တော ကျေးရွာအတွင်းသို့ ခြေလျင်ဝင်ရောက်လာခြင်းဖြစ်ကြောင်း ‌ဒေသခံအချို့က ပြောသည်။

ထားဝယ်မှ ကျောက်နီမော်ကျေးရွာသို့သွားလမ်းပိုင်းဖြစ်သည့် တောကျဲကျေးရွာနှင့် ပြင်းချောင်းကျေးရွာ ကားလမ်း (ထားဝယ်- ရှင်မော်ဘုရားသွားလမ်း) ပေါ်ကို သစ်ပင်လှဲချထားသဖြင့် ကုန်းလမ်းမှ မလာဘဲ ရေကြောင်းလမ်းမှ လာခြင်းဖြစ်နိုင်ကြောင်း ဒေသခံတို့က ပြောဆိုကြသည်။

မေလ ၅ရက်ညက ရဲကင်းစခန်းပစ်ခတ်မူအပြီး နောက်တစ်နေ့ ဧပြီလ ၆ ရက် နံနက် ၉ နာရီကျော်တွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ ရောက်လာပြီး ရဲစခန်းနှင့် ကျေးရွာအတွင်း နေရာအချို့တွင် နေရာယူထားကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းသို့ တပ်လာစွဲချိန်မှစပြီး တစ်ရွာလုံး အပြင်မထွက်ရဲတော့သည့်အပြင် ဈေးဆိုင်များလည်း မဖွင့်ရဲကြသဖြင့် တစ်ရွာလုံး တိတ်ဆိတ်နေကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“ဒီ‌နေ့မနက်ပိုင်း ဈေးခဏဖွင့်တယ်။ အခုတော့ မရှိတော့ဘူး။ လူတွေလည်း အိမ်မှာ မနေရဲကြလို့ တစ်နေရာကို ရွှေ့ပြီးနေကြတယ်။ အိမ်တွေမှာ လူမရှိတဲ့အချိန် အိမ်မီးရှို့ခံရမှာလည်း ကြောက်နေရတယ်” ဟု တိမ်းရှောင်နေသည့် ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

ဧပြီလ ၅ ညက ပစ်ခတ်မူအတွင်း ရဲစခန်းအနီးရှိနေအိမ်အချို့ ကျည်ဆံထိမှန်ခဲ့ကြောင်းလည်း ဒေသခံအချို့က ပြောသည်။

ကနဦးတွင် ရွာသားအချို့အဖမ်းခံထားရကြောင်း သတင်းထွက်ပေါ်ခဲ့သော်လည်း ယနေ့မေလ ၇ ရက် နံနက် ၉ နာရီအချိန် ထပ်မံမေးမြန်းအတည်ပြုချက်အရ အဖမ်းခံထားရသူမရှိကြောင်း ဒေသခံအချို့က ပြောဆိုသည်။

“ရွာထဲမှာ ဖမ်းတာဆီးတာတော့ မရှိဘူး။ အဖမ်းခံရတဲ့သူလည်း မရှိသေးဘူး။ ရွာထဲလှည့်ပတ်ပြီး ကင်းလှည့်လိုက်ကြည့်နေတာတော့ ရှိတယ်။ လိုက်ဖမ်းနေတယ်ဆိုတာမျိုးတော့ မဟုတ်ဘူး” ဟု ဒေသခံတစ်ဦးက ဆိုသည်။

ယနေ့ (မေ ၇) နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ အဝတ်အစားများ ထုတ်ပိုးကား ‌ခြေလျင် ထွက်ခွာသွားသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ဆိုသည်။