စစ်ရေးတင်းမာနေ၍ ထားဝယ်-ထီးခီးလမ်းပိုင်းကို နေ့ဘက်သာ အသုံးပြုသွားလာရန် သတိပေးချက်ထုတ်ပြန်

0
295
ထားဝယ်-ထီးခီးလမ်းပိုင်းတစ်နေရာ

စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်(PDF)တို့ စစ်ရေးတင်းမာနေသဖြင့် ထားဝယ်-ထီးခီးကားလမ်းနှင့် ဆက်စပ်လျက်ရှိသော လမ်းများကို နေ့ဘက်၌သာ အသုံးပြုသွားလာကြရန် တနင်္သာရီစစ်ဒေသခွဲ-ကွပ်ကဲရေးအဖွဲ့၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်လိုက်သည်။

 အဆိုပါလမ်းကြောင်းများတွင် စစ်ကောင်စီတပ်ကလည်း စစ်ဆေးမှုများပြုလုပ်နေပြီး ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များကလည်း စစ်ရေးလိုအပ်ချက်အရ စစ်ဆေးကြပ်မတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံအချို့က ပြောသည်။

 “PDF ကလဲစစ်နေတယ်၊ စစ်ကောင်စီကလည်း စစ်နေတယ်ပြောတယ်၊ မေတ္တာလမ်း ၈ မိုင်မှာ တစ်နေရာစစ်တယ်၊ ၁၁ မိုင်မှာ စစ်တယ်၊ တခါတခါလဲ ၁၆ မိုင်မှာလည်းသွားစစ်တယ်။ စစ်ကောင်စီကတော့ သဗျကနေ ရှေ့ကိုမကျော်လာဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ထားဝယ်မြို့နယ်မှ ဆယ်မိုင်ခန့်အကွာတွင်တည်ရှိသည့် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက်နေ့က ဒေသကာကွယ်ရေးတပ်ဖွဲ့(PDF)က ဝင်ရောက်စီးနင်းကာ မီးရှို့ခဲ့ပြီးနောက် ဧပြီလ ၂၅ ရက်၊၂၇ ရက်နှင့် မေလ ၄ ရက် ညများတွင် ဒေသကာကွယ်ရေးအဖွဲ့များရှိနိုင်သည့် ပကာရီကျေးရွာဘက်ကို ဇဟာကျေးရွာဘက်မှ စစ်ကောင်စီက အမြောက်နှင့်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှသိရသည်။

ထားဝယ်-ထီးခီး-မေတ္တာလမ်းပိုင်းတစ်လျောက်၊ ပကာရီကျေးရွာအုပ်စုရှိ ကျေးရွာ ၈ ရွာနှင့် (သဗျာကျေးရွာအုပ်စု) မဲချောင်း၊ ရှစ်မိုင်၊ ၁၁ မိုင်၊ ရေနက်ဆိပ်ကမ်းလမ်း စသည့်နေရာများအထိ ဒေသကာကွယ်ရေးအဖွဲ့က နယ်မြေစိုးမိုးထားပြီး စစ်ဆေးမှုများပြုလုပ်နေသည်ဟု ဒေသခံအချို့က ပြောသည်။

တနင်္သာရီတိုင်းတွင် ယခုနှစ်အစောပိုင်းကာလမှာပင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ ထိတွေ့တိုက်ပွဲများနှင့် စစ်ကောင်စီတပ်ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များ ခပ်စိတ်စိတ် တွေ့လာရပြီး ဧပြီလတွင် ပိုမိုဖြစ်ပေါ်ကြောင်း မှတ်တမ်းများအရသိရသည်။

ယင်းသို့ စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့ စစ်ရေးတင်းမာနေသဖြင့် ထားဝယ်-ထီးခီးလမ်းနှင့် ဆက်စပ်နေသော လမ်းခွဲများဖြစ်သည့် ရေနက်ဆိပ်ကမ်း-မေတ္တာလမ်း၊ မောင်မယ်ရှောင်-ရေဝိုင်းလမ်းနှင့်် ဇဟာ-ဆီပင်ကွေ့-ရေလုံအင်းစသည့် ဆက်စပ်လမ်းများကို နံနက် ၆ နာရီမှ ည ၆ နာရီအထိသာ အသုံးပြုကြရန် အထက်ပါ PDF အဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။

အဆိုပါလမ်းကြောင်းကို အသုံးပြုသွားလာနေသည့် ယာဉ်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ၏ စစ်ဆေးကြပ်မတ်မှုကို ပူးပေါင်းပါဝင်ရန်နှင့် အတတ်နိုင်ဆုံး ယာဉ်ကို အရှိန်လျှော့မောင်းနှင်ရန်၊ ကားတံခါးမှန်ချထားရန်၊ ခရီးသည်များနှင့် တင်ဆောင်လာသည့် ပစ္စည်းများကို အဝေးကမြင်သာအောင် စီမံထားရန်လည်း ယင်းထုတ်ပြန်ချက်တွင်‌ ပါရှိသည်။