လောင်းလုံး သာယာကုန်းရွာတွင် နေအိမ်တစ်လုံး မီးလောင် 

0
249

လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာ ရွာရှင်ဖိုးဖိုး(နတ်အိမ်) အနီးရှိ နေအိမ်တစ်လုံး ယနေ့ ‌မွန်တည့် ၁၁ နာရီခန့်က မီးလောင်းကျွမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ 

ဒေါ်ခင်ချိုဆိုသူ၏ ပျဉ်ထောင်အိမ်မီးလောင်ခြင်းဖြစ်ပြီး နေအိမ်တွင် လူကြီးများမရှိချိန်တွင် လောင်ကျွမ်းခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ 

“အိမ်ကတော့ မီးထဲအကုန်ပါသွားပြီ။ မီးသတ်ကားတွေရောက်လာလို့ မီးလည်းငြိမ်းသွားပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။ 

မီးလောင်ရသည့်အကြောင်းအရင်းကိုမူ မသိရသေးပေ။

လောင်းလုံးမြို့နယ် အရှေ့ဘက်တွင် တောင်များမရှိသဖြင့် အရှေ့အရပ်မှလေတိုက်ပါက လေတိုက်နှုန်း ကြမ်းပြီး ခြောက်သွေ့ကြောင်း၊ ပုံမှန်အားဖြင့် ယင်းလေမှာဆောင်းကာလတွင် တိုက်လေ့ရှိသော်လည်း ယခုလို ပူပြင်းသည့်ရာသီတွင်တိုက်ပါက မီးလောင်လေ့ရှိသဖြင့် မီးဘေးသတိထားရကြောင်း ဒေသခံများထံမှသိရသည်။

ယခုရက်ပိုင်းအတွင်း လောင်းလုံးမြို့နယ်တွင် အရှေ့လေတိုက်ခတ်နေကြောင်း ဒေသခံများကဆိုသည်။

ယင်း‌မီးလောင်ကျွမ်းသည့်နေရာသို့ ထားဝယ်မြို့မှ မီးသတ်ကားများလာရောက်ငြိမ်းသတ်ပေးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ 

ဧပြီလ ၃၀ ရက်လည်း သရက်ချောင်းမြို့နယ် ရန်တောင်ရွာတွင် နေအိမ်တစ်လုံး မီးလောင်ပျက်စီးခဲ့သေးသည်။ 

သင်္ကြန်အကြိုနေ့ကလည်း လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာအနီးရှိ ကမြောကျေးရွာတွင် တောမီလောင်ကျွမ်းခဲ့သေးသည်။