သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တိုက်ပွဲဖြစ်

0
536

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ် စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို မေလ ၄ ရက်ည ၇ နာရီခွဲခန့်က ဒေသကာကွယ်ရေးအဖွဲ့(PDF)တစ်ဖွဲ့မှ ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မနေ့ညပိုင်းက စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ကို ကြားရကြောင်း စော်ဖျားရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

“လက်နက်ကြီးတွေနဲ့ပစ်တာ အချက်ကိုရေမနိုင်ဘူး” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

ယင်းတိုက်ပွဲနှင့် ပတ်သက်သည့် ထိခိုက်ကျဆုံးမှု အခြေအနေကိုမူ မသိရှိရပေ။

စော်ဖျားရွာနှင့် ကျောက်လှေကားရွာမှာ ရွာချင်းဆက်ဖြစ်ပြီး တောင်ပျောက်တိုက်နယ်ကိုသွားသည့် လမ်းကြောင်းဖြစ်သဖြင့် စစ်ကောင်စီတပ်က ဘုရားကုန်းတွင် လမ်းကြောင်းပိတ်ဆို့ကာ တပ်စခန်းချထားခြင်းဖြစ်သည်။

ယင်းကြောင့် ဒေသခံပြည်သူ့ကာကွယ်‌ရေးတပ်များက အလစ်ဝင်ရောက်တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

စော်ဖျားရွာဘုရားကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်တို့မှာ မကြာခဏဆိုသလို ထိတွေ့ပစ်ခတ်မှုများရှိသည်။