ထားဝယ် ပကာရီကျေးရွာရှိ နေအိမ်အချို့ လက်နက်ကြီးအစများထိမှန်

0
473

ထားဝယ်မြို့နယ် ထားဝယ်-ထီးခီးသွားလမ်းပေါ်ရှိ ပကာရီကျေးရွာအနီး မနေ့ (မေ ၄) ညဆယ်နာရီကျော်ခန့်က လက်နက်ကြီး ပစ်ခတ်ခံခဲ့ရပြီး နေအိမ်အချို့လက်နက်ကြီးစ ထိမှန်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကြီး ပစ်ခတ်သံလေးချက်ကြားရပြီး လက်နက်ကြီးတစ်ချက်မှာ ပကာရီရွာအဝင်ရှိ ရဲကင်းစခန်းအနီး လေပေါ်တွင် ပေါက်ကွဲမူဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းလေပေါ်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးအစများသည် အနီးနားရှိ နေအိမ်သုံးလုံးကို ထိမှန်ခဲ့ကြောင်း ၎င်းတို့ကပြောကြားသည်။

‌‌“ထိတာကတော့ အိမ်သုံးဆောင်လောက်ရှိတယ်။ နှစ်ဆောင်ကတော့ နဲနဲပဲထိတယ်။ ကျန်တစ်ဆောင်ကတော့ အိမ်ထဲ‌ပေါက်သွားတယ်။ ပျက်စီးတဲ့အထိတော့မဟုတ်ဘူး။ အစအနလေးတွေပဲလာမှန်တာပါ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးနှစ်ခုမှာ ပကာရီရွာအစွန်းအဖျားနေရာနှစ်ခုဖြစ်သည် သပြေအင်း၊ ချောင်းမရွာ အနီးကျရောက်ပေါက်ကွဲခဲ့သည်ဟု ခန့်မှန်းရပြီး ကျန်လက်နက်ကြီးတစ်ခုမှာ မပေါက်ကွဲခဲ့ကြောင်း ၎င်းကဆိုသည်။

ပကာရီကျေးရွာအနီးရှိ သဗျာရွာတောင်ကုန်းပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ဆိုသည်။

“ကျွန်မတို့ရွာနားမှာ PDF တွေရှိတယ်ဆိုပြီး လက်နက်ကြီးနဲ့ပစ်တာဖြစ်မယ်။ လူတွေမထိလို့ တော်သေးတယ်လို့ပြောရမယ်” လို့ ပကာရီဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ဧပြီလ ၂၅ ရက်ကတည်းက ပကာရီကျေးရွာအနီး လက်နက်ကြီး ပစ်ခတ်ခံခဲ့ရသဖြင့် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ရကာ အများစုမှာ ယနေ့အချိန်အထိ နေအိမ်မပြန်ရဲသေးဘဲ ဘုန်းကြီးကျောင်းများတွင် ခိုလှုံနေဆဲဖြစ်ကြောင်း သိရသည်။

ထားဝယ်- ထီးခီးလမ်းပိုင်းအသုံးပြုမူကိုလည်း မနက် ၆ နာရီမှ ညနေ ၆ နာရီအတွင်းသာအသုံးပြုကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည်။