ပုလောမြို့ အစိုးရရုံးများအနီး ဗုံးပေါက်

0
315

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ပုလောမြို့ရှိ အစိုးရရုံးများရှိသည့် မြေစာရင်းဦးစီးဌာနရုံး အနီး ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ဒေသခံများ ထံမှသိရသည်။

ပုလောမြို့၊အမှတ် ၂ ရပ်ကွက်ရှိ မြေစာရင်းဦးစီးဌာနအနောက်ဖက်တွင် ယခုည ၇ နာရီခွဲခန့်က ပေါက်ကွဲမှုဖြစ်ပွါးခဲ့ကြောင်း ပုလောဒေသခံများ ကပြောသည်။

“ပေါက်တဲ့အသံက ကြမ်းတယ် ကျွန်တော်တို့လည်း သွားမစပ်စုရဲဘူး”ဟု ပုလောဒေသခံ ကပြောသည်။

ဗုံးပေါက်ကွဲသည့်နေရာအနီးတွင် မြေစာရင်းဌာနရုံး၊ စိုက်ပျိုးရေးရုံး၊ သမဝါယမရုံး၊ စည်ပင်သာယာရေးရုံးနှင့် ဝန်ထမ်းအိမ်ရာများလည်းရှိကြောင်း ယင်းဒေသခံများ ကပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်မှုရှိခဲ့သည်ဟု ပြောဆိုသံမကြားရကြောင်း မြို့ခံများကပြောသည်။

ဗုံးဖေါက်ခွဲမှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မသိရသေးဟု ဒေသခံများကဆိုသည်။

ပုလောမြို့အမှတ် ၂ ရပ်ကွက် စျေးအနီးတွင် ဧပြီလ ၂၃ ရက်နေ့ကလည်း ဗုံးပေါက်ကွဲမှုဖြစ်ပွါးခဲ့ပြီး ယင်းအနီးနေအိမ်မှ အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ခဲ့သည်။

ပုလောမြို့ရှိ အစိုးရဌါနရုံးနှင့် အုပ်ချုပ်ရေးရုံးတို့တွင် မကြာခဏ ဗုံးပေါက်လေ့ရှိသည်။