မြိတ်တွင် အခြေခံစားသောက်ကုန်အချို့ ဈေးထပ်တက်

0
445

မြိတ်မြို့တွင် ယခုရက်ပိုင်းအတွင်း အခြေခံစားသောက်ကုန်အချို့ ဈေးနှုန်းထပ်မံမြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မရှိမဖြစ် အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်တစ်အိတ်လျှင် ၃၀၀၀ ကျပ်ခန့်၊ ၁၈ လီတာဆံ့ စားသုံးဆီ ဆီသန့် တစ်ပုံးလျှင် ၁၅၀၀ ကျပ်ခန့်၊ ကြက်သွန်နီ/ဖြူ တစ်ပိဿာလျှင် ၂၀၀ ကျပ်ခန့်၊ ကြက်ဥတစ်လုံးလျှင် ၃၀ ကျပ်ခန့် ဈေးတက်သွားကြောင်း ကုန်စုံအရောင်းဆိုင်အချို့ထံမှ သိရသည်။

လတ်တလော မြိတ်-ရန်ကုန်ကားလမ်းမတစ်လျှောက်တွင် တိုက်ပွဲအချို့၊ ပစ်ခတ်မှုအချို့ ဖြစ်ပေါ်နေပြီး ကုန်စည်စီးဆင်းမှု နှေးနေသဖြင့် ကုန်ဈေးနှုန်းတက်နေရခြင်းဖြစ်ကြောင်း ကုန်စုံအရောင်းဆိုင်ရှင်အချို့က ပြောသည်။

“လမ်းခရီး မအေးဘူးဆိုရင် ကုန်တွေထပ်တက်မယ်ထင်တယ်” ဟု မြိုသစ်ရပ်ရှိ ကုန်စုံအရောင်းဆိုင်ရှင်တစ်‌ဦးက ပြောသည်။

အဆိုပါ အခြေခံစားသောက်ကုန်တို့အနက် စားသုံးဆီဈေးနှုန်းထပ်မံမြင့်တက်လာမည်စိုးသဖြင့် စားသုံးဆီပုံး အချို့အား ကြိုတင်ဝယ်ယူထားရကြောင်း ရွှေပြည်တန်ရပ်ကွက်က ထမင်းဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက ပြောဆိုသည်။

စားသောက်ကုန်ဈေးနှုန်းတို့သည် တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းအနည်းငယ် ကွာဟလေ့ရှိကြသည်။

၂၀ လီတာဆံ့ သောက်ရေသန့် တစ်ဗူးလျှင် ၆၀၀ ကျပ်မှ ၇၀၀ ကျပ်သို့ တက်သွားပြီး ကြက်၊ ဝက်၊ အမဲသား တစ်ပိဿာလျှင် ၅၀၀ ကျပ်ခန့် ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

“ကုန်ဈေးနှုန်းတွေတက်တော့ တစ်နေ့‌တစ်နေ့ ဈေးဖိုးငါး‌ထောင်နဲ့ မလောက်တော့ဘူး” ဟု ဇေယျာသီရိ ၄ ရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ နှစ်ကျော်ရှိ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ပေါ်ဆန်းမွှေးဆန်မှာ အမျိုးအစားအပေါ်မူတည်ပြီး တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်၊ ၅၈၀၀၀ ကျပ်၊ ၁၈ လီတာဆံ့ စားသုံးဆီတစ်ပုံးလျှင် ၇၁၅၀၀ ကျပ်၊ ၇၃၇၀၀ ကျပ်၊ ကြက်ဥတစ်လုံးလျှင် ၂၀၀ ကျပ်၊ ကြက်သွန်ဖြူတစ်ပိဿာလျှင် ၇၀၀၀ ကျပ်နှင့် ကြက်သွန်နီတစ်ပိဿာလျှင် ၁၂၀၀ ကျပ် ဈေးနှုန်းရှိကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် ဝက်သားနှင့် အမဲသား တစ်ပိဿာလျှင် ၁၃၀၀၀ ကျပ်၊ ဟင်းခတ်အမွှေးအကြိုင် မာဆလာတစ်ထုတ် ၈၀၀ ကျပ် အသီးသီးဈေးနှုန်းရှိနေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှုကြောင့် အလုပ်အကိုင်ရှားပါးနေချိန်တွင် ယင်းသို့ အခြေခံ စားသောက်ကုန်များ အပါအဝင် ကုန်စည်အသီးသီး ဈေးနှုန်းမြင့်တက်လာသဖြင့် စားဝတ်နေရေး အခက်အခဲများကို ရင်ဆိုင်နေကြရကြောင်း အခြေခံလူတန်းစားများကို မေးမြန်းချက်အရ သိရသည်။