ရာသီပေါ်ဒူးရင်းသီး ဈေးနှစ်ဆအထိ တက်ပြီးနောက် ဈေးပြန်ကျ

0
661

မြိတ်မြို့တွင် ရာသီပေါ်ဒူးရင်းသီးများ ယမန်နှစ်ထက် ဈေးနှစ်ဆအထိ မြင့်တက်ခဲ့ပြီးနောက် လက်ရှိတွင် ဈေးပြန်ကျလာကြောင်း ရောင်းချသူ၊ စားသုံးသူများထံမှ သိရသည်။

ယမန်နှစ်က ဒူးရင်းသီး ပေါ်ဦးစအချိန် မတ်လတွင် အကြီးဆုံးတစ်လုံးလျှင် ကျပ်တစ်သောင်း ဈေးရှိခဲ့ပြီး ယခုနှစ်တွင် ကျပ်နှစ်သောင်းအထိ ဈေးကွက်အတွင်း ရောင်းချခဲ့ရကြောင်း ရောင်းချသူများက ပြောသည်။

ကျွန်းစုမြို့နယ်ရှိ ကျေးရွာများမှ မြိတ်မြို့သို့ ဒူးရင်းသီးတင်ပို့ရာတွင် ကား၊ ဘေးတွဲဆိုင်ကယ်ခနှင့် အမြန်ယာဉ်စသည်တို့ဖြင့် တင်ပို့ရပြီး တင်ပို့စရိတ်၊ အလုပ်သမားခ ဈေးကတက်သွားသဖြင့် ဒူးရင်းသီးဈေးလည်း တက်လာခြင်းဖြစ်ကြောင်း ဒူးရင်းသီး ခြံရှင်တစ်ဦးက ပြောဆိုသည်။

“ကားခလှေခ၊ အလုပ်သမားတင်ချခ အရင်ကထက် ထက်ဝက်လောက် ပိုပေးနေရတယ်” ဟု ၎င်းက ဆိုသည်။

ရာသီအစ ဈေးနှစ်ဆတက်ခဲ့သော်လည်း ဧပြီလတတိယအပတ်တွင်မူ ဒူးရင်းသီးဈေး အနည်းငယ်ကျလာပြီး အမြင့်ဆုံး တစ်သောင်းခွဲသာ ဈေးရှိတော့ကြောင်း မြိတ်မြို့တွင် ဒူးရင်းသီးချောင်းချသူတစ်ဦးက ပြောသည်။

“အထွက်များလာရင် ဒူးရင်းသီးက တဖြေးဖြေး ဈေးလိုက်ကျလာတယ်” ဟု ၎င်းက ပြောဆိုသည်။

လက်ရှိတွင်မူ ဒူးရင်းသီး အကြီးဆုံးတစ်လုံးလျှင် ကျပ်တစ်သောင်းမှ အငယ်ဆုံးတစ်လုံးလျှင် ကျပ်သုံးထောင်သာ ဈေးရှိတော့ပြီး အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချနေကြောင်း မြို့သစ်ရပ်ကွက်၊
သင်္ဘောဆိပ်အနီး ရောင်းချနေသည့် ဒူးရင်းသီးခြံရှင်က ပြောပြသည်။

“ပို့ခတော့ အနီးအဝေးပေါ်မူတည်ပြီး သီးသန့် ပိုပေးရတယ်” ဟု ၎င်းက ပြောဆိုသည်။

ဒူးရင်းသီးများသည် မတ်လမှစတင်ပြီး ဈေးကွက်အတွင်းရောက်ရှိကာ ဩဂုတ်လတွင် ရာသီကုန်သွားကြောင်း ခြံပိုင်ရှင်များထံမှသိရသည်။

“မိုးမှန်သွားရင် ဒူးရင်းသီးတအားပေါလာတယ်။ ဈေးလည်း တအားကျလာတယ်။ ဒါပေမယ့် ရေဘင်းဖြစ်သွားပြီး (ရေစိမ့်ဝင်ပြီး) စားလို့မကောင်းတော့ဘူး” ဟု ဒူးရင်းသီး ဝယ်စားလေ့ရှိသူ အမျိုးသမီးတစ်ဦးက ပြောသည်။

မြိတ်မြို့အတွင်း အနယ်နယ်အရပ်ရပ်မှ ဒူးရင်းသီးများ လာရောက်ရောင်းချနေကြပြီး ကျွန်းစုမြို့နယ်မှ အများဆုံးထွက်ရှိကြောင်း ရောင်းချသူများထံမှ သိရသည်။

ဒူးရင်းသီးများကို မြိတ်ကမ်းနားလမ်း သင်္ဘောဆိပ်အနီးတစ်ဝိုက်နှင့် ဈေးများတွင်လည်း ရောင်းချနေကြသည်။

ဒူးရင်းသီး လှိုင်လှိုင်ထွက်ချိန်တွင် ဒေသခံများမှ ဝယ်ယူပြီး ယိုအဖြစ်ပြုလုပ်ကြကာ ထွက်ရှိသည့် အစေ့များကိုလည်း ဈေးကွက်အတွင်း ပြန်လည်ရောင်းချလျှက်ရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။