သောကြာပြင်ရွာသားနှစ်ဦးကို ထောင်ဒဏ်တစ်သက် ချမှတ်

0
728

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအိမ်ရှေ့ ဗုံးပေါက်ကွဲမှုနှင့်ပက်သက်၍ တရားစွဲခံထားရသော သောကြာပြင်ရွာသားနှစ်ဦးကို ထားဝယ်ထောင်တွင်းတရားရုံးက ဧပြီ ၂၆ ရက်နေ့ တွင် ထောင်ဒဏ်တစ်သက် အမိန့်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက် (DPPN) က ထုတ်ပြန်လိုက်သည်။

အဆိုပါနှစ်ဦးမှာ ဦးစောရွှေနှင့် ဦးစိုးမင်း‌ထွေးတို့ဖြစ်ကြပြီး ကမြောကင်းကျေးရွာ‌အုပ်စု အုပ်ချုပ်‌ရေးမှူး ဦးထွန်းမင်း‌နေအိမ်ရှေ့တွင် စက်တင်ဘာလ ၂၁ ရက် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ အမိန့်ချမှတ်ခံလိုက်ခြင်းဖြစ်သည်။

ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ဗုံးပေါက်‌ကွဲမှုအတွက် စုံစမ်းမေးမြန်းရန်ဟုဆိုကာ ဦးစိုးမင်းထွေးကို စက်တင်ဘာလ ၂၁ ရက် ည ၈ နာရီဝန်းကျင်က နေအိမ်တွင် လာရောက်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဦးစောရွှေကိုလည်း နောက်တစ်နေ့ည စက်တင်ဘာ ၂၂ ရက်နေ့တွင်‌ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုပြီး ၇ လ အကြာတွင် အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သည် ထောင်ဒဏ် တစ်သက်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ကိုစိုးမင်းထွေးက ရွာမှာဆိုရင် ပန်းရံလည်းလုပ်တယ်။ ကြုံရာကျပန်းပါပဲ။ ဦး‌စော‌ရွှေကလည်း သူ့ခြံအလုပ်ပဲလုပ်နေတာ။ အခုလိုဖြစ်ရပ်မျိုး သူတို့လုပ်မှာမဟုတ်ဘူး” ဟု၍ တစ်ရွာတည်းနေ ရွာခံတစ်ယောက်ကဆိုသည်။‌

ထောင်ဒဏ်တစ်သက် ချခံလိုက်ရ‌သော ဦးစိုးမင်းထွေးတွင် ဇနီးနှင့် သားသမီး ၅ ယောက် ရှိကြောင်း ၎င်းကဆိုသည်။

တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းကာလအတွင်း အမြင့်ဆုံးပြစ်ဒဏ်ဖြစ်သော ထောင်ဒဏ် ၂၈ နှစ်ကို ကိုဟိန်းမင်းကိုကို (ခ) ဟိန်းလွင်ထူးအား မတ်လ ၄ ရက်နေ့တွင် ချမှတ်ခဲ့ပြီး‌နောက် ယခုပထမဆုံးအနေဖြင့် ထောင်ဒဏ်တစ်သက်ကို ထားဝယ်အကျဉ်းထောင်မှ ချမှတ်လိုက်ခြင်းဖြစ်သည်။

လောင်းလုံးမြို့နယ် ကမြောကင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနေအိမ်ရှေ့ ဗုံးပေါက်ကွဲမှုဖြစ်စဉ်တွင် အသက် ၁၃ နှစ်အရွယ်ကလေးတစ်ဦး အခင်းဖြစ်ပွားရာနေရာတွင်ပင် သေဆုံးခဲ့ပြီး အုပ်ချုပ်ရေးမှူး၏ ဇနီးဖြစ်သူမှာ ထားဝယ်ဆေးရုံကြီးတွင် ကုသမှုခံယူရင်း သေဆုံးခဲ့ရသည်။

အုပ်ချုပ်ရေးမှူး ဦးထွန်းမင်းမှာလည်း ပြီးခဲ့သော ၂၀၂၁ခုနှစ် ဇွန်လ ၆ ရက်နေ့မှစ၍ ကျန်းမာရေးမကောင်းသဖြင့် နုတ်ထွက်ခွင့်စာတင်ထားကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါဖြစ်ရပ်နှင့်ပက်သက်ပြီး ယခုအချိန်အထိ မည်သည့်အဖွဲ့အစည်းက လုပ်ဆောင်သည်ဆိုသော အကြောင်းတစ်စုံတစ်ရာ ထုတ်ပြန်ကြေညာထားခြင်း မရှိသေးပေ။