ပုလောမြို့နယ် လက္ကူးကျေးရွာ ရှင်ပြုပွဲအနီးတွင် အသံဗုံးပေါက်

0
253

ပုလောမြို့နယ်၊ လက္ကူးကျေးရွာ၌ ဧပြီလ ၂၆ ရက်နေ့ညက ရှင်ပြုပွဲကျင်းပနေစဉ် အနီးဝန်းကျင်တွင် အသံဗုံးတစ်လုံး ပေါက်ကွဲကြောင်း ဒေသခံရွာသားများထံမှ သိရသည်။

လက္ကူးကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ရှင်ပြုပွဲကျင်းပနေခြင်းဖြစ်ပြီး ည ၇ နာရီဝန်းကျင်တွင် ကျောင်းပရဝုဏ်အပြင်ဘက် သင်္ချိုင်းအနီးတွင် အသံဗုံးပေါက်ကွဲခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“အသံကကြမ်းတယ်။ လူထိခိုက်တာတော့ မရှိပါဘူး” ဟု လက္ကူးကျေးရွာမှ အမျိုးသားတစ်ဦးက ပြောဆိုသည်။

ယင်းဗုံးဖောက်ခွဲမှုကို ပုလောပြည်သူ့ကာကွယ်ရေးတပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ယနေ့ (ဧပြီ ၂၇) ထုတ်ပြန်ထားသည်။

လက္ကူးကျေးရွာတွင် Non CDM သားဖွားဆရာမမိသားစု ရှင်ပြုပွဲကျင်းပနေချိန် အသံဗုံးဖောက်၍ သတိပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နိုင်ငံအနှံ့ကျေးရွာများသာမက သာသနိကအဆောက်အအုံများ မီးရှို့ဖျက်ဆီးခံနေရချိန်၊ စစ်ဘေးရှောင် ဒုက္ခသည်များစွာ ရှိနေချိန်တွင် နိုင်ငံရေးကို ကိုယ်နှင့်မဆိုင်သလို ပျော်ပွဲရွှင်ပွဲများ လုပ်နေသည့်အတွက် သတိပေးခြင်းဖြစ်ကြောင်း ယင်းအဖွဲ့က ထုတ်ပြန်သည်။

လက္ကူးကျေးရွာသည် အိမ်ခြေ ရှစ်ရာခန့်ရှိသည့်ကျေးရွာဖြစ်ပြီး အများစုမှာ တံငါလုပ်ငန်း လုပ်ကိုင်ကြပြီး လယ်ယာလုပ်ကိုင်သူ အနည်းငယ်ရှိသည်။

ပုလောမြို့နယ်တွင် ပျော်ပွဲရွှင်ပွဲများကို မလုပ်ကြရန် ပုလောပြည်သူ့ကာကွယ်ရေးတပ်က မေတ္တာရပ်ခံထားသည်။