ထားဝယ်တွင် ငါးခြောက်တစ်ပိဿာလျှင် တစ်သောင်းကျော်အထိ ဈေးတက်

0
471
ရေထွက်ကုန်။

ထားဝယ်တွင် ငါးခြောက်ဈေး တစ်ပိဿာလျှင် ငွေကျပ် သုံးထောင်မှ တစ်သောင်းကျော်အထိ ဈေးတက်နေကြောင်း ဈေးကွက်အတွင်းက သိရသည်။

ထားဝယ်ဒေသအခေါ် အူကီးခြောက် (ခ) ငအူညှင်းခြောက်မှာ လွန်ခဲ့သည့် တစ်လကျော်ခန့်က တစ်ပိဿာလျှင် ၂၂,၀၀၀ ကျပ်မှ ၂၅,၀၀၀ ကျပ်ခန့်သာရှိသော်လည်း ယခုအခါ တစ်ပိဿာလျှင် ၃၅၀၀၀ ကျပ်မှ ၃၈၀၀၀ ကျပ်အထိ ဖြစ်နေကြောင်း ငါးခြောက်ရောင်းသူအချို့က ပြောသည်။

ငါးမန်းခြောက်ဈေးမှာလည်း တစ်ပိဿာလျှင် ၂၅,၀၀၀ မှ ၃၅,၀၀၀ ကျပ်၊ ငါးကွန်းရှပ်မှာ ၂၅,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်၊ စာပလပ်ခြောက်မှာ ၁၅,၀၀၀ ကျပ်မှ ၂၅,၀၀၀ ဈေးတက်သွားကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ဒလုံးခြောက်မှာ ၁၃,၀၀၀ ကျပ်မှ ၁၈,၀၀၀ ကျပ်၊ ငါးပုပ်ခြောက်မှာ ၂၅,၀၀၀ ကျပ်မှ ၃၈,၀၀၀ ကျပ်၊ ငါးလိပ် ကျောက်မှာ ၂၅,၀၀၀ ကျပ်မှ ၃၅,၀၀၀ ကျပ်ခန့်ထိ ဈေးတက်လာကြောင်း ဈေးကွက် အတွင်းက သိရသည်။

ဖိုးထိုးမဲငါးခြောက်မှာလည်း ကျပ် ၈,၀၀၀ ခန့်မှ ၁၅,၀၀၀ ကျပ်၊ ငါးမဲလုံးခြောက်မှာ ၆,၀၀၀ ကျပ်မှ ၈,၀၀၀-၉,၀၀၀ ကျပ်အထိ ဈေးတက်လာပြီး ရေကြည်ငါးခြောက်မှာ ၆,၀၀၀ ကျပ်မှ ယခု ၈,၀၀၀ – ၁၀၀၀၀ ကျပ်အထိ ဈေးတက်သွားကြောင်း ငါးခြောက်ရောင်းသူအချို့က ပြောသည်။

အထက်ပါ ငါးခြောက်များမှာ အလှူပွဲနှင့် မင်္ဂလာပွဲတို့တွင် အသုံးများပြီး မိုးရာသီ ဝမ်းစာအတွက် စုဆောင်း စားသုံးကြသဖြင့် ရောင်းအားအကောင်းဆုံး ငါးခြောက်များဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ငါးခြောက်ဈေးမှာ တစ်ဆိုင်နှင့် တစ်ဆိုင် ဈေးနှုန်းကွာဟမှု ရှိသည်။

ငါးခြောက်ဈေးတက်လာခြင်းမှာ ငါးဖမ်းလှေများတွင် အသုံးပြုသည့် ဆီဈေးများလိုက်တက်လာခြင်း၊ ငါးအရ နည်းခြင်း၊ ငါးဖမ်းရာသီပိတ်သိမ်းခြင်း၊ ပင်လယ်ပြင် ငါးဖမ်းထွက်ရာတွင် လမ်းကြေးများပေးလာရခြင်း တို့ကြောင့်ဖြစ်သည်ဟု လှေရှင်တို့၏ ပြောဆိုချက်ကို ကြားသိရကြောင်း ငါးခြောက်ရောင်းသမား အချို့က ပြောသည်။

ယင်းသို့ ဈေးတက်လာခြင်းကြောင့် နယ်ဖောက်သည်များ အဝယ်လည်း နည်းသွားကြောင်း ထားဝယ်မြို့ ကမ်းနားလမ်းတွင် ငါးခြောက်ရောင်းသည့် ဈေးသည်အမျိုးသမီးတစ်ဦးက ပြောသည်။

“စားသမားလောက်ပဲ ရောင်းနေရတယ်။ ဖောက်သည်တွေက ဝယ်လို့ မနိုင်ဘူး။ နယ်တွေကနေပြီး ခါတိုင်း ပိဿာ ၂၀-၃၀ ဝယ်နေသူတွေက ၅ ပိဿာဝယ် ၂ ပိဿာဝယ် အဲဒီလိုဖြစ်သွားတာပေါ့။ (ဝယ်စားသူတွေ ကလည်း) ငါးဈေးကြီးလို့၊ ဈေးထဲမှာ တစ်ပတ်ပြီး တစ်ပတ် ပတ်ပတ်ပြီးတော့ သွားနေတယ်။ ပိုက်ဆံ တစ်သောင်းဆိုလည်း ငါးတစ်ကောင်ပဲ ရတာကိုး” ဟု အထက်ပါ အမျိုးသမီးက ပြောဆိုသည်။

ငါးခြောက်ဈေးမှာ တဖြေးဖြေးဈေးတက်လာခြင်းဖြစ်ပြီး တစ်လကျော်ကြာကာလအတွင်း ဈေးက တစ်နေ့ တစ်မျိုးဖြစ်နေသဖြင့် အရောင်းအဝယ် ၇၀ ရာခိုင်နှုန်းခန့် ကျဆင်းသွားကြောင်း ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်တွင်‌ နေထိုင်ပြီး Online ပေါ်မှ ငါးခြောက်ရောင်းချနေသည့် မချိုသန္တာက ပြောသည်။

ယခင်က ရန်ကုန်၊ မော်လမြိုင်၊ မန္တလေးစသည့် မြို့ကြီးများက ဖောက်သည်များ ဝယ်စားကြသော်လည်း ငါးခြောက်ဈေးတက်လာပြီးနောက်ပိုင်းတွင် နယ်ဝေးပို့ရနည်းသွားပြီး ထားဝယ်ဈေးကွက်မှ ဝယ်စားသူ အနည်းကျဉ်းလောက်သာရှိတော့ကြောင်း ၎င်းက ဆိုသည်။

“အလုပ်လုပ်စားရတာလည်း စိတ်မပါတော့သလိုတောင် ဖြစ်လာတယ်။ နောက်ပိုင်း အရောင်းအေးလာတာလည်းပါတယ်။ လူတွေလည်း ကျပ်တည်းလာတာလည်းပါတယ်” ဟု မချိုသန္တာက ပြောဆိုသည်။

ပုစွန်ခြောက်ဈေးမှာလည်း ဈေးထက်ဝက်နီးပါး တက်နေကြောင်း ၎င်းက ပြောသည်။

ထားဝယ်မြို့သစ်မှ ဆန်စက်ပိုင်ရှင် အမျိုးသမီးတစ်ဦးကလည်း သင်္ကြန်ကာလတွင် ရေစိမ်ထမင်းလှူရန် နှစ်စဉ်နှစ်တိုင်း ငါးခြောက်ဆယ်ပိဿာခန့်ဝယ်ယူသော်လည်း ယခုနှစ်တွင် ငါးခြောက်ဈေးကြီးနေခြင်းနှင့် ဧည့်ခံကျွေးမွေးမည့် ပရိတ်သတ်နည်းခြင်းကြောင့် ခုနှစ်ပိသာခန့်သာ ဝယ်ဖြစ်ကြောင်း ပြောဆိုသည်။