ယခုနှစ် ဆေးတက္ကသိုလ်ဝင်ခွင့်ရရှိသူများ အလုပ်မဝင်ပါက သိန်း ၆၀၀ အထိလျော်ရမည်

0
1926

ဆေးတက္ကသိုလ်များတွင် တက်ရောက်ရန် ဝင်ခွင့်ရရှိထားသော တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသားများအနေဖြင့် ကျောင်းပြီး၍ ဆေးရုံများတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်သိန်း ၆၀၀ အထိ ပေးဆောင်ရမည်ဟု စစ်ကောင်စီက ထုတ်ပြန်လိုက်သည်။

၂၀၂၀ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာနအောက်ရှိ ဆေးတက္ကသိုလ်များတွင် တက်ရောက်မည့် ကျောင်းသားများချုပ်ဆိုရန် ကတိစာချုပ်လွှာတွင် တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ်‌သိန်း ၆၀၀ အထိ ပေးဆောင်ရန် ဝန်ခံကတိရေးထိုးရခြင်းဖြစ်သည်။

ဝင်ခွင့်ရကျောင်းသားများအနေဖြင့် ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ရရှိပြီးအချိန်မှစ၍ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး ၅ နှစ် မပျက်မကွက် တာဝန်ထမ်းဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တာဝန်ထမ်းဆောင်ရန် ပျက်ကွက်ပါက ရက်ပေါင်း (၃၀) အတွင်း လျော်ကြေးငွေ ပေးဆောင်ရမည်ဖြစ်ပြီး အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ်ပေးအပ်မည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် နိုင်ငံတော်အတွင်း တာဝန်ပေးအပ်သော နေရာသို့ မလွဲမသေ သွားရောက် တာဝန်ထမ်းဆောင်ရမည်ဟုလည်း ဖော်ပြထားသည်။

“အရင်တုန်းက ၁ဝသိန်းလျော်လိုက်ရင် ရပြီ။ အခုက အလုပ်မဝင်ရင် သိန်း ၆၀၀ လျော်ရမယ့်အပြင် ဆမ လက်မှတ်ပါ ပြန်အပ်ရမှာ” ဟု CDM ‌ဆရာဝန်တစ်ဦးက ဆိုသည်။

ယခင်နှစ်များတွင် ဆေးတက္ကသိုလ်များမှ ဆေးပညာဘွဲ့ရရှိပြီး တာဝန်ထမ်းဆောင်ရန်ပျက်ကွက်ပါက လျော်ကြေးငွေ ကျပ် ၁၀ သိန်းသာ လျော်ကြေးပေးဆောင်ခဲ့ရပြီး အထွေထွေဆေးကုသခွင့်လိုင်စင် (ဆမ) လက်မှတ် သိမ်းယူခံရခြင်း မရှိခဲ့ပေ။

တစ်နိုင်ငံလုံးအ‌‌နေဖြင့် ရန်ကုန်၊ မန္တလေး၊ ‌မကွေး၊ တောင်ကြီး မြို့များတွင် ဆေးတက္ကသိုလ် ၅ ကျောင်းအထိ ရှိပြီး ဆေးပညာ‌အခြေခံနှစ် (၅/၂၀၂၂) သင်တန်းကို မေလ ၁၂ ရက်နေ့တွင် စတင်ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

၂၀၂၀ပြည့်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဓာတုဗေဒ၊ ရူပဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့်အောင်မြင်ပြီး ဆေးတက္ကသိုလ် (၁) ရန်ကုန် အခြေခံဆေးပညာနှစ်သင်တန်းသို့ ယခုနှစ်ဝင်ခွင့်ရရှိသူဦးရေမှာ ၃၅၈ ဦးရှိသည်။