လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ထားဝယ်ရှိ ရွာသုံးရွာမှ ဒေသခံများထွက်ပြေးတိမ်းရှောင်

0
422

ထားဝယ်မြို့နယ် ပကာရီကျေးရွာအနီးအနားကို လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အနီးအနားရှိ ကျေးရွာသုံးရွာမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဒေသခံအချို့က ပြောသည်။

ဧပြီလ ၂၅ ရက် ည ၁၀ နာရီခန့်တွင် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် စသည့် ကျေးရွာသုံးရွာအနီးရှိ တောထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

ထိခိုက်ပျက်စီးမှု အခြေအနေကိုမူ မကြားရသေးဟု ဆိုသည်။

“ကျွန်မကြားတာကတော့ (လက်နက်ကြီးအသံ) ခြောက်ချက်တိတိရှိတယ်။ လက်နက်ကြီးတွေက ရွာထဲမှာ တော့ မကျဘူး။ ရွာနားက တောထဲကိုကျတာ။ အခုထိတော့ ဘာတွေထိခိုက်သွားတယ်ဆိုတာ မသိ‌ရသေး ဘူး” ဟု ၎င်းက ပြောဆိုသည်။

လက်နက်ကြီးပစ်ခတ်မူကြောင့် ပကာရီ၊ မဲချောင်း၊ ရှစ်မိုင် ကျေးရွာရှိ ဒေသခံတစ်ထောင်ခန့်သည် အနီးအနား ကျေးရွာများရှိ ဘုန်းကြီးကျောင်းနှင့် နီးစပ်ရာ တောတောင်များထဲသို့ ညတွင်းချင်း ရှောင်ပြေးကာ ညအိပ်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။

စစ်ကောင်စီတပ်က မဲချောင်းကျေးရွာတွင် တပ်စွဲထားသည်ဟု သတင်းကြားရပြီး ပကာရီကျေးရွာ အနီးဝန်းကျင်ကို စစ်ကြောင်းထိုးမည်ဆိုသည့် သတင်းလည်း ထွက်နေ၍ ယနေ့ (ဧပြီ ၂၆) နံနက်ပိုင်းအထိ ရွာသို့ မပြန်ရဲသေးကြောင်း ဒေသခံများက ဆိုသည်။

ဧပြီလ ၂၄ ရက်က ပကာရီကျေးရွာထိပ်ရှိ ရဲကင်းစခန်းကို PDF ပူးပေါင်းအဖွဲ့က မီးရှို့လိုက်ပြီးနောက် အနီးအနားတွင် နှစ်ဘက်စစ်ရေးတင်မားလာပြီးနောက် စစ်တပ်ဘက်က ယခုကဲ့သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

ပကာရီကျေးရွာသည် ထားဝယ် မြို့မှ ဆယ်မိုင်ခန့်အကွာ မေတ္တာ – ထီခီး သွားလမ်းပေါ်တွင်တည်ရှိသည်။

တိုက်ပွဲအချိန်မရွေး ဖြစ်ပေါ်လာနိုင်သဖြင့် ယင်းလမ်းပိုင်းအသုံးပြုမူကို ခေတ္တဆိုင်ငံ့ထားရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက အသိပေးထားသည်။