ပုလောမြို့မဈေးအနီး ပေါက်ကွဲမှု လူအချို့ ဖမ်းဆီးခံထားရ

0
214


ပုလောမြို့မဈေးကြီးအနီးက နေအိမ်တစ်အိမ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ယင်းနေအိမ်မှ မိသားစုဝင်အချို့ ဖမ်းဆီးစစ်ဆေးခံနေရကြောင်း ဒေသခံအချို့က ပြောသည်။

ပေါက်ကွဲမှုမှာ ဧပြီလ ၂၄ ရက်နေ့ ည ၉ နာရီဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး ယနေ့ (ဧပြီ ၂၅) နံနက် ၉ နာရီဝန်းကျင်တွင် စစ်ကောင်စီက မိသားစုဝင်အချို့ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

Dawei Watch ဒေသခံများကို ကနဦးမေးမြန်းချက်အရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးလှစိုး၏ ပုလောမြို့က နေအိမ်ရှေ့၌ ပေါက်ကွဲခြင်း ဖြစ်သည်ဟု သိရသည်။

သို့သော် ထပ်မံမေးမြန်းချက်အရ ဦးလှစိုး၏ နေအိမ်နှင့် မျက်နှာချင်းဆိုင်တွင် ရှိနေသည့် နေအိမ်၌ ပေါက်ကွဲခြင်းသာ ဖြစ်သည်ဟုပြောဆိုကြပြီး အချို့ကမူ နေအိမ်ထဲတွင် မဟုတ်ဘဲ အိမ်ရှေ့ရေမြောင်းတွင် ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြသည်။

အဆိုပါဗုံးပေါက်ကွဲမှုကြောင့် ယင်းအိမ်တွင် နေထိုင်သည့် အသက် ၄၀ အရွယ် အမျိုးသမီးတစ်ဦး ဗုံးစထိမှန်ကာ ပုလောဆေးရုံတွင် ကုသမှုခံယူနေကြောင်း ရပ်ကွက်သားများက ပြောသည်။

ပေါက်ကွဲဖြစ်ပွားသည့် လမ်းကို ပိတ်ထားခြင်းမျိုး မရှိသော်လည်း သွားရောက်ကြည့်ရှုခြင်းမျိုး မလုပ်ရဲကြောင်း ဒေသခံအချို့က ဆိုသည်။

ဗုံးပေါက်ကွဲသည်ဆိုသည့် နေအိမ်က အိမ်ထောင်ဦးစီး အမျိုးသားတစ်ဦး၊ သမီးဖြစ်သူနှင့် အိမ်ထောင်ဦးစီး အမျိုးသား၏ မိတ်ဆွေတစ်ဦးတို့ကို စစ်ကောင်စီက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။

“ခေါ်သွားတာကိုပဲ ကျွန်တော်တို့က သိတယ်။ တခြားအကြောင်းအရာတွေကို ကျွန်တော်တို့ မသိရသေးဘူး” ဟု ဗုံးပေါက်ကွဲမှုဖြစ်သည့် အမှတ် (၂) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဖမ်းဆီးခံထားရသူများမှာ ပြန်လည်လွှတ်မြောက်လာခြင်း မတွေ့ရသေးကြောင်း ဒေသခံအချို့က ယနေ့ ညနေ ၅နာရီကျော်က ပြောသည်။

ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) ၏ ယနေ့ ညနေပိုင်းက ထုတ်ပြန်ချက်တွင် ယခုပေါက်ကွဲမှုသည် ဒေသခံ PDF အဖွဲ့များနှင့် လုံးဝ ပတ်သက်မှု မရှိကြောင်း ဖော်ပြထားသည်။

PRDF အဖွဲ့သည် အပြစ်မဲ့ ပြည်သူများကို ထိခိုက်အောင် ယခုလည်း မလုပ်သကဲ့သို့ နောင်လည်း လုံးဝ လုပ်မည်မဟုတ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဉ်မှာ ပုလောမြို့မ ဈေးကြီးအနီး နေအိမ်တစ်အိမ်တွင် ပေါက်ကွဲခြင်းဖြစ်ပြီး ယင်းအိမ်က အိမ်ထောင်ဦးစီးနှင့် အိမ်သားအချို့ကို စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း PRDF က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဘက်က စွပ်စွဲသကဲ့သို့ ယင်းအိမ်မှာ PRDF အတွက်သော်လည်းကောင်း၊ မဟာမိတ်များအတွက်သော်လည်းကောင်း လက်လုပ်မိုင်းများ လုပ်ပေးနေခြင်း လုံးဝ မဟုတ်ကြောင်းလည်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။