ဆယ်ကျော်သက်မြန်မာမိန်းက‌လေး ထိုင်းတွင် အဓမ္မပြုကျင့်ခံရမှု ဖြစ်ရပ်

0
548
ပုံစာ - ကျူးလွန်သည့် တက္ကစီယာဉ်မောင်းကို ဖမ်းဆီးအရေးယူထား

ထိုင်းနိုင်ငံသား တက္ကစီယာဉ်မောင်းတစ်ဦးက ဆယ်ကျော်သက်မြန်မာမိန်းက‌လေးတစ်ဦးကို လက်ထိပ်ခတ်ပြီး အတင်းအဓမ္မပြုကျင့်မှု ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ယခုဧပြီလ အစောပိုင်းတွင် ဖြစ်ပွားခဲ့သည်။

အသက် ၃၇ အရွယ် Adrik Sae Bae အမည်ရှိ ထိုင်းနိုင်ငံသားသည် မြန်မာမိန်းကလေးအား အလုပ်ရှင်နှင့် တွေ့ပေးမည်ဟု လိမ်လည်ပြီး မိုတယ်တစ်ခုသို့ခေါ်ကာ အဓမ္မပြုကျင့်ခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ဧပြီလ ၂၃ ရက်နေ့တွင် ပြောဆိုထားသည်။

မြန်မာမိန်းကလေးမှာ အသက် ၁၇ နှစ်အရွယ်သာရှိသေးပြီး ဘန်ကောက်မြို့တွင် အလုပ်ရှာဖွေနေသူ ဖြစ်သည်။

ထိုင်းစကားကျွမ်းကျင်သော အဒေါ်ဖြစ်သူက Facebook ပေါ်တွင် Post တင်ပြီး အလုပ်ရှာပေးရန် အကူအညီတောင်းခံပြီးနောက် ယင်းဖြစ်ရပ်ကြုံရခြင်းဖြစ်သည်။

ပရိုဖိုင်းအတုဖြင့် ထိုင်းတက္ကစီသမားသည် ယင်း Post အောက်တွင် “အလုပ်ပေးမယ်။ မိန်းက‌လေးကို လာကြိုရန်အတွက် တက္ကစီတစ်စီး လွှတ်လိုက်မယ်” ဟု အလုပ်ရှင်ဟန်ဆောင်ကာ ရေးသားခဲ့သည်ဟု ရဲစခန်းတွင် ထွက်ဆိုခဲ့သည်။

ယင်းနောက် ဧပြီလ ၁ရက်နေ့တွင် တက္ကစီသမားသည် အလုပ်ရှင်က ခေါ်ခိုင်းလိုက်သည်ဟုဆိုပြီး အဒေါ်ဖြစ်သူ၏ တိုက်ခန်းသို့ တက္ကစီဖြင့် လာရောက်ကာ မြန်မာမိန်းကလေးငယ်ကို ခေါ်ဆောင်သွား ခြင်းဖြစ်သည်။

အဒေါ်ဖြစ်သူကလည်း ထိုင်းစကားမတတ်သည့် တူမဖြစ်သူကို တက္ကစီသမားနှင့် ထည့်ပေးလိုက်ကြောင်း ဘန်ကောက်ပိုစ် သတင်းတွင် ဖော်ပြထားသည်။

တက္ကစီသမားသည် အလုပ်ရှင်နှင့် ပေးမတွေ့ဘဲ မြန်မာမိန်းက‌‌လေးအား Intharama Soi 31 တွင်ရှိသော မိုတယ်တစ်ခုဆီသို့သာ ခေါ်ဆောင်သွားခဲ့သည်။

ယင်းနောက်မြန်မာမိန်းကလေးငယ်ကို Antigen (ကိုဗစ်ရှိမရှိစစ်ဆေးသည့် စနစ်) စစ်ဆေးမှုခံယူရန်ဟုဆိုကာ မိုတယ်အခန်းထဲတွင် စောင့်ဆိုင်းစေခဲ့သည်။

ထိုနေ့ ည ၉နာရီခွဲ ဝန်းကျင်တွင် တက္ကစီသမား မိုတယ်သို့ပြန်လာပြီး မိန်းကလေးငယ်ကို လက်ထိပ်ခတ်၍ အတင်းအဓမ္မပြုကျင့်ခဲ့သည့်အပြင် သူ၏ဖုန်းဖြင့်လည်း ဓာတ်ပုံများ ရိုက်ထားခဲ့သေးသည်။

“အဓမ္မပြုကျင့်တော့ မိန်းကလေးဆီက ဖုန်းနဲ့ ဘတ် ၅၀၀ ကိုပါ ခိုးယူခဲ့တယ်။ ပြီးရင် ရဲစခန်းသို့ ခေါ်လာပြီး တော့ သူမက ရွှေ့ပြောင်းအလုပ်သမားဖြစ်တယ်။ အထောက်အထားမဲ့ passport မရှိဘူး။ အဲဒီလို တိုင်ကြားပြီးတော့ ထွက်‌သွားတယ်” ဟု ထိုင်းရဲတပ်ဖွဲ့က ဒုရဲချုပ် Surachate Hakparn ပြောကြားသည်။

ရဲအရာရှိများသည် မိန်းကလေးငယ်အား စကားပြန်အကူအညီဖြင့် စစ်ဆေးမေးမြန်းရာ အဖြစ်မှန် အကုန်သိရှိသွားပြီး‌နောက်တွင် တက္ကစီသမားကို ဖမ်းဝရမ်းထုတ်ကာ ရှာဖွေခဲ့သည်။

ယင်းနောက် ဘန်ကောက်မြို့ရှိ victory အထိမ်းအမှတ်ကျောက်တိုင်အနီးတွင် ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

အဓမ္မပြုကျင့်ခံရသော မြန်မာမိန်းကလေးမှာ ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ခဲ့မှုဖြင့် တရားစွဲဆိုခံရမည် မဟုတ်ကြောင်း ရဲတပ်ဖွဲ့က တာဝန်ရှိသူများက ပြောဆိုထားသည်။

မြန်မာနိုင်ငံသို့ ပြန်မပို့မီ ကျန်းမာရေးစောင့်ရှောက်မှုနှင့်အတူ စိတ်ပိုင်းဆိုင်ရာ ကုစားမှုများလည်း ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

အဓမ္မပြုကျင့်မှု၊ အသက်၁၈နှစ်အောက် အမျိုးသမီးငယ်၏ လွတ်လပ်မှုအား နှောက်ယှက်မှု၊ ခိုးမှု၊ ကိုယ်ကျိုးစီးပွားအတွက် တစ်ပါးသူ၏ ညစ်ညမ်းဓာတ်ပုံများကို လက်ဝယ်ထားမှု စသည့် ဆက်စပ်သော အမှုများဖြင့် တက္ကစီသမားကို စွဲချက်တင်ထားကြောင်း ဒုရဲချုပ် Surachate Hakparn က ဧပြီလ ၂၃ရက်နေ့တွင် ပြောကြားသည်။

ကိုးကား – Bangkok Post, The ThaigerPhoto by Police TV