ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်း မီးရှို့ခံရ

0
477

ထားဝယ်မြို့နယ် ပကာရီရဲကင်းစခန်းကို ဧပြီလ ၂၄ ရက် နေ့လယ်ပိုင်းတွင် PDF အဖွဲ့က မီးရှို့လိုက်ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းရဲကင်းစခန်းသည် ထားဝယ်မြို့မှ ဆယ်မိုင်ခန့်အကွာ ထားဝယ်- မေတ္တာ- ထီးခီးသွားလမ်းပေါ် ပကာရီကျေးရွာအဝင်တွင် တည်ရှိသည်။

ယင်းရဲကင်းစခန်းအတွင်း ရဲတပ်ဖွဲ့ဝင်များ မနေသည်မှာ တစ်နှစ်နီးပါးခန့်ရှိပြီဖြစ်ပြီး ပကာရီကျေးရွာ အနီးနားကို စစ်ကြောင်းထိုးသည့်အခါမျိူးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲလေ့ရှိကြောင်း ဒေသခံတစ်ဦးက ဆိုသည်။

“အဲဒီရဲစခန်းက ပြာကျသွားပြီ။ PDF အဖွဲ့‌တွေ လမ်းလျှောက်သွားပြီး မီးရှို့လိုက်ကြတာ။ မီးလောင်နေ တယ်လို့ သတင်းကြားတဲ့အချိန်ဆို (နေ့လယ်) ၁၂ နာရီလောက်ရှိနေပြီ” ဟု ၎င်းက ဆိုသည်။

ရဲကင်းစခန်း မီးလောင်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လာရောက်စစ်ဆေးခဲ့ သေးကြောင်း ဒေသခံများက ဆိုသည်။

ပကာရီရဲကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းမီးရှို့ဖျက်သိမ်းလိုက်ကြောင်း တနင်္သာရီစစ်ဒေသခွဲ – ကွက်ကဲရေးအဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သားများ ယင်းစခန်းအနီးသို့ အလုံးအရင်းဖြင့် လာနေသဖြင့် အချိန်မရွေး ထိတွေ့တိုက်ပွဲ ဖြစ်ပေါ်နိုင်သဖြင့် အရပ်သားများ မထိခိုက်စေရန် အရပ်သားကားများ သွားလာမှု ခေတ္တရပ်ဆိုင်းထားရန်၊ မလိုအပ်ဘဲ ယင်းလမ်းပိုင်းကို အသုံးမပြုရန် မြေပြင် PDF အဖွဲ့များက မေတ္တာရပ်ခံကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လက်ရှိတွင် ဒေသခံပြည်သူများ ရှောင်တိမ်းသွားခြင်း မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

“ပြည်သူတွေကတော့ တကူးတက ရှောင်နေတယ်ဆိုပြီး မရှိပါဘူး။ သတိနဲ့တော့ နေနေကြတာပေါ့။ (တိုက်ပွဲ) ဖြစ်မှ ရှောင်မယ်ဆိုတဲ့သဘောပေါ့။ အရင်ကလည်း တိုက်ပွဲဖြစ်မယ်ဆိုလို့ ရှောင်နေဖူးတယ်။ မဖြစ်တဲ့အခါကျတော့ အခုလည်းရှောင်ပြီး မနေကြတော့ဘူးပေါ့နော်” ဟု သင်္ကန်တုံးရွာသားတစ်ဦးက ပြောသည်။

ပကာရီကျေးရွာအနီးအနားရှိ လိပ်ကျယ်ပြောင် ရေတံခွန်လမ်းတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲ တိုက်ခိုက်ခံရဖူးသည့် ဖြစ်စဉ်တို့ ဖြစ်ပွားခဲ့ဖူးသည်။