B.Ed. ကို ဝင်ခွင့်မစစ်ဘဲ တက်ရောက်ခွင့်ပြုနေ၊ ထားဝယ်တွင် ၃၀၀ ကျော်တက်

0
954
IPRD Tanintharyi Region

ပညာရေးဘွဲ့ (B.Ed.) စာပေးစာယူ ပထမနှစ်သင်တန်းကို ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဧပြီလ ၂၀ ရက်နေ့မှစ၍ စတင်ဖွင့်လှစ်ရာ ဆရာ/ဆရာမ ၃၀၆ ဦးတက်ရောက်နေကြောင်း တနင်္သာရီတိုင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနက သတင်းထုတ်ပြန်သည်။

အခြေခံပညာကျောင်းများတွင် အထက်တန်းပြ ဆရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဆိုင်ရာ (B.Ed.) ဘွဲ့မရသေးသူ ဆရာ၊ ဆရာမများ တက်ရောက်နေခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါ ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်သင်တန်းတက်ရောက်ရန်အတွက် ယခင်နှစ်များကဲ့သို့ ဝင်ခွင့်ဖြေစရာမလိုဘဲ လုပ်သက်တန်းစီဇယားအရ သင်တန်းတက်ရောက်ခွင့်ပြုခြင်းဖြစ်ပြီး ၂၀၂၁ခုနှစ် အောက်တိုဘာ ၃၁ ရက်နေ့တွင် လုပ်သက်အနည်းဆုံး ၅ နှစ် ရှိရမည်ဖြစ်သည်။

ယခင်နှစ်များတွင် ပညာရေးဘွဲ့ စာပေးစာယူပထမနှစ် သင်တန်း‌တက်ရောက်ရန်အတွက် လုပ်သက် ၅ နှစ်ပြည့်ပြီးသော အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်များ ဝင်ခွင့်ဖြေဆိုကြရပြီး ဝင်ခွင့်အောင်မြင်မှသာ အဆိုပါသင်တန်းကို တက်ရောက်ခွင့်ရခြင်းဖြစ်သည်။

သို့သော် ယခုနှစ်တွင်မူ အထက်တန်းပြဆရာဆရာမ လိုအပ်ချက်များရှိနေ၍ လုပ်သက်တန်းစီဇယားဖြင့် ရာထူးအလိုက်ဝင်ခွင့်ပြုမည့် အချိုးအတိုင်း(အထက်တန်းပြများ ၁၀%၊အလယ်တန်းပြများ ၈၀%၊မူလတန်းကျောင်းအုပ်များ ၅%) ရွေးချယ်သွားမည်ဟု ယခုနှစ် ဝင်ခွင့်လျှောက်လွှာ ခေါ်ယူစာတွင်ဖော်ပြထားသည်။

ဝင်ခွင့်စာမေးပွဲဖြင့် အရည်အသွေးပြည့်မီစွာ စိစစ်တက်ရောက်စေခြင်းမဟုတ်ဘဲ ယခုကဲ့သို့ လုပ်သက်တန်းစီအရ ရက်တိုသင်တန်းပေးခြင်းမှာ မဖြစ်သင့်ကြောင်း ဝေဖန်မှုများလည်း ရှိနေသည်။

ယင်းသို့ သတ်မှတ်ချက်များ လျှော့ချပြီး ပညာရေးဘွဲ့သင်တန်းသားများ လက်ခံနေမှုအပေါ်  “အထက်တန်းပြတွေ မရှိတော့ဘူးလေ။ ဒီတော့အထက်တန်းပြတွေ ပေါပေါလောလောခန့်ချင်လို့ ပညာရေးဘွဲ့ (B.Ed.)ကို စစ်ကောင်စီက အလကားပေးဖို့ ကြိုးပမ်းနေတာ” ဟု CDM ဆရာတစ်ဦးက ဝေဖန်ထောက်ပြသည်။

ထားဝယ်ပညာရေး ဒီဂရီကောလိပ်တွင် ဖွင့်လှစ်နေသည့် အဆိုပါသင်တန်းတွင် ပညာရေးဘွဲ့ (B.Ed.)ကို ရရှိဖူခြင်းမရှိ‌သော အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းကျောင်းအုပ်နှင့် ရုံးဝန်ထမ်း ဆရာဆရာမ ၃၀၆ ဦး တက်ရောက်လျက်ရှိပြီး ပျက်ကွက်သူ ၁၅ ဦးရှိကာ အနီးကပ်သင်တန်းကာလမှာ ဧပြီလ ၂၀မှ မေလ ၂၅ ရက်အထိ ပို့ချသင်ကြားမည်ဖြစ်သည်။

စစ်တပ်အာဏာမသိမ်းခင်က တနင်္သာရီတိုင်းတွင် အခြေခံပညာ ဆရာ၊ ဆရာမ

တစ်သောင်းငါးထောင်ကျော် ရှိပြီး စစ်တပ်အာဏာသိမ်းပြီးနောက်တွင် CDM ပြုလုပ်သည့် ဆရာ၊ ဆရာမ ၇၀၀၀ ကျော်အထိရှိသည်။

၂၀၂၂ ခုနှစ် ဇန်နဝါရီလအထိ ဆရာ၊ ဆရာမ တစ်ရာကျော်သာ အစားထိုးခန့်အပ်နိုင်သေးသဖြင့် တနင်္သာရီတိုင်းတွင် ဆရာ/ဆရာမ လိုအပ်ချက်များစွာရှိနေသည်။