ပုလော ကြံ့ခိုင်ရေးပါတီ အတွင်းရေးမှူး ပစ်ခတ်ခံရ

0
241
ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဇာနည်အောင်။ Photo - Facebook

ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အတွင်းရေးမှူး ဦးဇာနည်အောင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီး ဦးခေါင်းတွင် ဒဏ်ရာရကြောင်း ဒေသခံများထံမှ သိရသည်။

ဦးဇာနည်အောင်သည် ၂၀၂၀ ရွေးကောက်ပွဲတွင်လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ဦးဇာနည်အောင်ကို အမည်မသိအဖွဲ့တစ်ဖွဲ့က ဆိုင်ကယ်ဖြင့် လာရောက် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ပုလောဒေသခံများက ပြောသည်။

“ချက်ချင်းပဲ နာရေးကားနဲ့ မြိတ်ဆေးရုံကို ပို့လိုက်တယ်။ သေတယ်လို့တော့ မကြားရသေးဘူး” ဟု ပုလောမြို့ခံတစ်ဦးက ဧပြီလ ၂၄ ရက် နံနက်ပိုင်းက ပြောဆိုသည်။

ဦးဇာနည်အောင်အား မည်သည့်အဖွဲ့က၊ မည်သည့်အကြောင်းအရင်းကြောင့် လာရောက်ပစ်ခတ် သွားသည်ကို မသိရသေးပေ။

ဦးဇာနည်အောင်သည် သတင်းပေးတစ်ဦးဖြစ်ပြီး ဖမ်းဆီးခံထားရသည့် မိသားစုများထံမှ ငွေကြေး တောင်းခံတတ်သည့် အမှုပွဲစားတစ်ဦးဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုသည်။

သို့သော် ယင်းပြောဆိုမှုနှင့်ပတ်သက်ပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် မရရှိသေးပေ။

ဦးဇာနည်အောင် ပစ်ခတ်ခံရပြီးနောက် ပုလောမြို့အနှံ့ စစ်ကောင်စီတပ်သားများက အစစ်အဆေး တင်းကျပ်နေကြောင်း မြို့ခံများထံမှ သိရသည်။

ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီခန့်ကလည်း ပုလောမြို့နယ် ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးအောင်နေဇာလင်း သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသေးသည်။