ဗြိတိန်တွင် အိုမီခရွန်မျိုးကွဲသစ် ကူးစက်ခံရသူ တစ်ထောင်ကျော်အထိရောက်ရှိ

0
800

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုများစွာနှင့် ရုန်းကန်ရင်ဆိုင်နေရသည့် ဗြိတိန်နိုင်ငံတွင် အိုမီခရွန်မျိုးစိတ်ကွဲ အသစ်တစ်ခုကို တွေ့ရှိထားပြီ ကူးစက်ခံရသူ တစ်ထောင်ကျော်အထိ ရောက်ရှိလာပြီဖြစ်သည်။

ရောဂါကူးစက်ပျံ့နှံ့မှုမှာ ယခင်ကာလများက ကျဆင်းနေခဲ့ပြီး ကိုဗစ်ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များကို ဖြေလျှော့ပေးခဲ့ခြင်းကြောင့်လည်း လူများစွာမှာ လွတ်လပ်စွာပင် သွားလာလှုပ်ရှားနေခဲ့သည်။

ယခုမူ ပို၍ပျံ့နှံ့ကူးစက်လွယ်နိုင်သော မျိုးရိုးဗီဇပြောင်းလဲလာသည့် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်ကွဲကို တွေ့ရှိထားပြီဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးကလည်း သတိပေးလာသည်။

အမျိုးသား စာရင်းအင်းဌာန၏ အဆိုအရ ဗြိတိန်တွင် ပြီးခဲ့သော ရက်သတ္တပတ်စာရင်းအရ လူပေါင်း ၄ ဒသမ ၉ သန်းအထိ ကိုဗစ်ကပ်ကာလအတွင်း စံချိန်တင် ကူးစက်ခံခဲ့ရသည်ဟု သိရသည်။

မျိုးစိတ်ကွဲအသစ်အကြောင်း သိထားသမျှ

XE မျိုးစိတ်ကွဲမှာ အိုမီခရွန်မျိုးစိတ်ကွဲ နှစ်ခုဖြစ်သည့် BA.1 နှင့် BA.2 တို့ မျိုးရိုးဗီဇ ပေါင်းစပ်ပါဝင်သော မျိုးစိတ်ကွဲဟု ဆိုနိုင်သည်။

ပြီးခဲ့သည့် အပတ်က ထုတ်ပြန်သော အစီရင်ခံစာတစ်ခုတွင် အိုမီခရွန်မျိုးစိတ်ကွဲနှစ်ခု ပြန်လည်ပေါင်းစပ်ကာ ထွက်ပေါ်လာသော XE မျိုးစိတ်ကွဲကို ယခုနှစ် ဇန်နဝါရီလ ၁၉ ရက်က ဗြိတိန်နိုင်ငံတွင် ပထမဆုံးတွေ့ရှိခဲ့ရကြောင်း နှင့် စမ်းသပ်စစ်ဆေးမှုများအရ ယင်းမျိုးစိတ်ကွဲမှာ ပို၍ ကူးစက်လွယ်နိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဆိုထားသည်။

ထိုအစီရင်ခံစာတွင် “ BA.2 မျိုးစိတ်ကွဲနှင့် နှိုင်းစာလျှင် ယခုမျိုးစိတ်ကွဲသည် ဒေသတွင်းကူးစက်မှု ၁၀ ရာခိုင်နှုန်းကျော်ပိုကြောင်း အစောပိုင်းခန့်မှန်းချက်များက ညွှန်ပြနေသည်၊ သို့လင့်ကစားယခုတွေ့ရှိချက် သည် ဆက်လက်အတည်ပြုနိုင်ရန် လိုအပ်နေသေးသည်ဟု” ဆိုထားသည်။

ဗြိတိန်နိုင်ငံ ကျန်းမာရေးဆိုင်ရာလုံခြုံရေးအေဂျင်စီ၏ တနင်္လာနေ့တွင်ထုတ်ပြန်ချက်အရမူ မကြာသေးမီက အချက်အလက်များကို စိစစ်ချက်အရ XE မျိုးစိတ်ကွဲ၏ တိုးနှုန်းသည် BA.2 မျိုးစိတ်ကွဲထက် ၉ ဒသမ ၈ ရာခိုင်နှုန်းပိုခဲ့ကြောင်း ဆိုထားသည်။

သို့ရာတွင် ယင်းထုတ်ပြန်ချက်၌ သတိပေးထားသည်မှာ ယင်းတွေ့ရှိမှုများသည် ကနဦးတွေ့ရှိမှုသာဖြစ်သေးပြီး ကိန်းဂဏန်း အချက်အလက်အသစ်များ ထပ်မံလေ့လာရန်ရှိနေသေးသည်ဖြစ်ရာ မျိုးစိတ်ကွဲအသစ်သည် ပို၍ပွားနှုန်းမြန်သည်ဟု ယတိပြတ်ကောက်ချက်ချရန် မဖြစ်နိုင်သေးကြောင်းလည်း ဆိုထားသည်။

ဗြိတိန်တွင် XE ပေါင်းစပ်မျိုးစိတ်ကွဲ ကူးစက်ခံရသူ တစ်ထောင်ကျော် ရှိလာနေပြီဖြစ်ပြီး ထိုမျိုးစိတ်ကွဲကို ထိုင်း၊ ဂျပန်၊ အိန္ဒိယ နှင့် နယူးဇီလန်နိုင်ငံတို့တွင်လည်း တွေ့ရှိထားပြီးဖြစ်သည်ဟု ဆိုသည်။

XE မျိုးစိတ်ကွဲ အသစ် ကူးစက်ခံရမှုများနှင့်ပတ်သက်သည့်တွေ့ရှိချက်များအရမူ ယင်းမျိုးစိတ်သည် အသစ်ပင်ဖြစ်သော်လည်း ကိုဗစ်လက္ခဏာ အသစ်မျိုး မပြသေးကြောင်း၊ ကာကွယ်ဆေးထိုးထားသူများတွင် အထူးသဖြင့် အအေးမိဝေဒနာကဲ့သို့သော လက္ခဏာပြကြောင်းဆိုသည်။

နှာရည်ယိုခြင်း၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်းမျိုးလောက်သာ တွေ့ရသေးကြောင်းလည်းဆိုသည်။ သို့ရာတွင် အမျိုးသားကျန်းမာရေးဆိုင်ရာ လုံခြုံရေးအဖွဲ့ကြီးကမူ XE ကူးစက်ခံရသည့် လက္ခဏာများကို ဆက်လက်စောင့်ကြည့်နေခဲ့ပြီး ယင်းမျိုးစိတ်ကူးစက်ခံရသူအချို့တွင် ဖျားနာမှု လက္ခဏာတွေ့လာကြောင်းလည်း ဆိုထားသည်။

ဗြိတိန်နိုင်ငံ၏ ကျန်းမာရေးအဖွဲ့ကြီး၏ ထုတ်ပြန်ချက်အရမူ ပြည်သူများအနေဖြင့် ကိုဗစ်လက္ခဏာများဖြစ်သည့် အသက်ရှူ မဝခြင်းမျိုး၊ နွမ်းလျသော ခံစားမှု သို့မဟုတ် ပင်ပန်းလွန်းခြင်း၊ ကိုယ်ခန္ဓာညောင်းညာကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ လည်ချောင်းနာခြင်း၊ နှာပိတ်ခြင်း နှာရည်ယိုခြင်း၊ ပါးစပ်ပျက်ခြင်း (အရသာပျောက်ခြင်း)၊ ဝမ်းလျှောခြင်း၊ ဖျားချင်သလိုလိုခံစားရခြင်း သို့မဟုတ် ဖျားခြင်းမျိုး ကို သတိထား ဂရုပြုသင့်ကြောင်း ဆိုထားသည်။

ကိုးကား

https://www.independent.co.uk/news/health/omicron-xe-symptoms-covid-uk-cases-b2063145.html

https://www.news18.com/news/world/10x-more-transmissible-than-omicron-found-in-4-nations-fear-over-new-wave-faq-on-xe-variant-4953371.html