ကျွန်းစုတွင် နေအိမ်လေးလုံး မီးလောင်

0
604

မြိတ်ခရိုင် ကျွန်းစုမြိုနယ် ကျွဲခရံကျေးရွာအုပ်စု ပဲ့တိုင်ကျေးရွာတွင် ယနေ့ (ဧပြီ ၂၃) မွန်းလွဲပိုင်းက နေအိမ် လေးလုံး မီးလောင်ကျွမ်းကြောင်း ယင်းကျေးရွာသားတို့ထံမှ သိရသည်။

ပဲ့တိုင်ကျေးရွာ ဘောလုံးကွင်းနံဘေးရှိ နေအိမ်တစ်လုံးမှ စတင်လောင်ကျွမ်းခဲ့သည့်မီးမှတစ်ဆင့် အခြားနေအိမ်များသို့ ကူးစက်လောင်ကျွမ်းခြင်းဖြစ်ကြောင်း ကျေးရွာသားအချို့က ပြောပြသည်။

“မီးစလောင်တဲ့အိမ်မှာ လူမရှိကြဘူး။ တစ်အိမ်လုံး အလုပ်သွား‌နေကြတာ” ဟု ပဲ့တိုင်‌ရွာနေ အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

မီးလောင်ကျွမ်းသည့် အကြောင်းအရင်း စစ်‌ဆေးနေဆဲဖြစ်ကြောင်း ဒေသခံ အမျိုးသားတစ်ဦးက ပြောဆိုသည်။

မီးလောင်ကျွမ်းသည့်နေအိမ်တို့အား ကျေးရွာသားများ ဝိုင်းဝန်းငြှိမ်းသတ်နိုင်ခဲ့ပြီး လူထိခိုက်မှု မရှိကြောင်း ရွာသားများထံမှ သိရသည်။

မီးလောင်မှုကြောင့် ဓနိမိုး၊ ပျဉ်ခင်း နေအိမ်လေးဆောင် ပျက်စီးဆုံးရှုံးကြောင်း ရွာသားများထံမှ သိရသည်။

ပဲ့တိုင်ကျေးရွာသည် ပင်လယ်ကျေးရွာတစ်ရွာဖြစ်ပြီး မြိတ်မှ စက်လှေဖြင့်သွားပါက အချိန် သုံးနာရီခွဲခန့် မောင်းနှင်သွားရသည်။