ထိုင်းသို့ တရားမဝင် ဝင်ရောက်သည့် မြန်မာလုပ်သား ၁၅၀ နီးပါး အဖမ်းခံရ

0
238
ပုံစာ - ဧပြီလ ၂၂ ရက်တွင် ထိုင်း-မလေးရှားနယ်စပ်၌ ဖမ်းဆီးခံရသော မြန်မာလုပ်သားများ/Photo by Assawin Pakkawan

ထိုင်းနိုင်ငံသို့ ဧပြီလ ၁၈ မှ ၂၂ ရက်အထိ ၅ ရက်အတွင်း တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက် လာသော အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၅၀ နီးပါး ဖမ်းဆီးခံရကြောင်း ထိုင်းမီဒီယာများတွင် သတင်းဖော်ပြချက်များအရ သိရသည်။

ဧပြီလ ၁၈ ရက်နေ့ တာခ့်ခရိုင် ဝမ်ကျောင့်မြို့ရှိ တောတွင်းတစ်နေရာတွင် မြန်မာလုပ်သား ၇၃ ဦး၊ ဧပြီလ ၂၁ ရက် ချင်းရိုင်ခရိုင် မယ်ဆိုင်မြို့ရှိ ကား သုံးစီးပေါ်တွင် မြန်မာလုပ်သား ၃၈ ဦး၊ ဧပြီလ ၂၂ ရက် စွန်ခရာ ခရိုင်တွင် ၁၁ဦးနှင့် ချွန်ဖွန်ခရိုင် တောတွင်းတစ်နေရာတွင် ၂၆ ဦး စုစုပေါင်း ၁၄၈ဦးအထိ အဖမ်းခံရကြောင်း ယင်းဖော်ပြချက်များအရ သိရသည်။

ဧပြီလ ၂၂ ရက်နေ့တွင် စွန်ခရာခရိုင် စဒေါင်းမြို့နယ်အတွင်း ဖမ်းမိသူ ၁၁ဦးမှာ မလေးရှားနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် တောထဲတွင် စောင့်ဆိုင်းနေစဉ် ဖမ်းမိခြင်းဖြစ်ကြောင်း ထိုင်းအာဏာပိုင်များက ထုတ်ပြန်ထားသည်။

အဆိုပါ ဖမ်းဆီးရမိသူများထဲတွင် အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၇၇ ဦး နှင့် ကလေး ၅ ဦးပါဝင်ပြီး ဖမ်းဆီးခံရသူ အားလုံးသည် ထိုင်းနိုင်ငံ တရားဥပဒေအရ အရေးယူခြင်း ခံရမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်အရ သိရသည်။

မယ်ဆိုင်မြို့တွင် အဖမ်းခံရသည့်ဖြစ်စဉ်တွင် ယာဉ်တိမ်းမှောက်ခဲ့သဖြင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုင်းအလုပ်သမားဝန်ကြီးဌာနက မြန်မာနိုင်ငံဘက်သို့ MoU စနစ်ဖြင့် အလုပ်သမား တစ်သိန်းကျော် ခေါ်ယူရန် သဘောတူလက်မှတ်ထိုးထားသော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကြောင့် အကောင်အထည် မဖော်နိုင်သေးကြောင်း ထိုင်းနိုင်ငံအလုပ်သမားဦးစီးဌာနမှ ညွှန်ကြားရေးမှုချုပ် Pairoj Chotikasathien က ဧပြီလ ၁၈ ရက်နေ့တွင် ပြောကြားထားသည်။

မြန်မာ့နိုင်ငံရေးမတည်ငြိမ်မှုနှင့် ကိုဗစ်ရောဂါပြန့်ပွားလာမှုကြောင့် မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် ရှားပါးလာခြင်း၊ ငွေကြေးကျပ်တည်းလာခြင်းအပြင် နယ်မြေလုံခြုံမှုမရှိခြင်းတို့ကြောင့် အလုပ်အကိုင်ရရှိရန်အတွက် ထိုင်းနိုင်ငံသို့ တရားမဝင်လမ်းကြောင်းဖြင့် ဝင်ရောက်မှုများ ရှိနေဆဲပင်ဖြစ်သည်။