လောင်းလုံးသပိတ်၏ ရက် ၄၀၀ ကျော် မာရသွန်ခရီး

0
3975

သေနတ်ဒဏ်ရာကြောင့် ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားသော ဆန္ဒပြရဲဘော်‌ကို အရေးပေါ်ကုသမှုများ လုပ်နေသည့် လူငယ်တစ်ဦး၏ မျက်နှာတွင် မျက်ရည်များစီးကျလာနေသည်။

အသက်ငွေ့ငွေ့သာ ကျန်တော့သည့် ရဲဘော်ကို အသက်ကယ်နိုင်ရေး မျှော်လင့်ချက်ကို မစွန့်ဘဲ အစွမ်းကုန်ကူညီရန် သူစိတ်ပိုင်းဖြတ်လိုက်သည်။

ယင်းလူငယ်က အသက် ၁၈ နှစ်မပြည့်သေးသည့် အထက်တန်းကျောင်းသား ကိုလင်းထက်ဇော် ဖြစ်သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ဖြစ်စဉ်ကြောင့် အာဏာရှင်စနစ်ကို အကြမ်းမဖက်ဆန့်ကျင်သည့် သပိတ်များ ရက်ပိုင်းအတွင်းမှာပင် နိုင်ငံအနှံ့ပေါ်ပေါက်လာသည်။

ယင်းသပိတ်များတွင် အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူသိန်းသောင်းချီပါဝင်လာပြီးနောက် အားကောင်းသည့် လူထုဆန္ဒဖော်ထုတ်မှုများမှာ နိုင်ငံအနှံ့ လူပင်လယ်ကြီးဖြစ်သွားခဲ့သည်။

မြန်မာနိုင်ငံ‌တောင်ပိုင်းဖြစ်သည့် တနင်္သာရီတိုင်း လူထုသပိတ်မှာလည်း အလွန်အားကောင်းလာပြီး ပညာရေးစစ်ကြောင်း၊ အင်ဂျင်နီယာစစ်ကြောင်း၊ ကျန်းမာရေးစစ်ကြောင်း၊ ရှေ့နေအသင်းစစ်ကြောင်း တို့နှင့်အတူ ပြည်သူလူထုသိန်းချီ ပါဝင်ချီတက်ကာ အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ပြည်သူလူထု၏ ပြင်းထန်သည့် ဆန္ဒဖော်ထုတ်မှု အားကောင်းလာပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီနှောင်းပိုင်းတွင် သပိတ်များကို စစ်ကောင်စီက အင်အားသုံးဖြိုခွင်းမှု စတင်လုပ်ဆောင်လာခဲ့သည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ထားဝယ်မြို့ ဥတ္တံတားကြီး လမ်းဆုံမှစ၍ ဗဟိုလမ်းတစ်လျှောက် ညောင်ပင်ကြီးလမ်းအထိ လမ်းအပြည့် ပြည်သူလူထု နှစ်သိန်း‌ကျော်ခန့် ပါဝင်ချီတက်ဆန္ဒပြနေသည့် သပိတ်စစ်ကြောင်းကို စစ်တပ်က အင်အားသုံးဖြိုခွင်းခဲ့သည်။

ယင်းသပိတ်စစ်ကြောင်းကို စစ်တပ်က ဗဟိုလမ်းဆုံတွင် တစ်ကြိမ်၊ ဥတ္တတားကြီးလမ်းဆုံတွင်တစ်ကြိမ် နှစ်ကြိမ်တိတိ ပစ်ခတ်ဖြိုခွင်းခဲ့သည်။

ယင်းအချိန်တွင် ကိုလင်းထက်ဇော်သည် ဆန္ဒပြရဲဘော်များကို အရေးပေါ်ကျန်းမာရေး ကူညီပေးနေသည့် အဖွဲ့ဝင်လူငယ်တစ်ဦးဖြစ်ပြီး ထားဝယ်လမ်းဆုံကြီးတွင် လူနာတင်ယာဉ်နှင့် အတူရှိနေခဲ့သည်။

ထားဝယ်လမ်းဆုံကြီးအနီးရှိ သပိတ်စစ်ကြောင်းကို စစ်တပ်က ပစ်ခတ်ဖြိုခွင်းနေပြီး ဆန္ဒပြပြည်သူများ ဘေးကင်းစေရန် အသက်စွန့်ဒိုင်းကာ ရပ်ပေးနေသော လူငယ်တစ်ဦးမှာ ကျည်ဆန်ထိမှန်ခဲ့သည်။

ယင်းလူငယ်မှာ ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားခဲ့ပြီး လဲကျသွားသဖြင့် ကိုလင်းထက်ဇော်တို့ အဖွဲ့က ပစ်ခတ်မှုများကြားမှ လူနာကိုသွားရောက် သယ်ဆောင်ခဲ့ကြသည်။

ဝမ်းဗိုက်ထုတ်ခြင်းပေါက်သွားသော ဆန္ဒပြရဲဘော်‌ကို အရေးပေါ်ကားပေါ်တင်ပြီး oximeter ဖြင့်မပြတ်တိုင်းတာရင်းဆေးရုံသို့အမြန်ဆုံးပို့ဆောင်နိုင်ရန်လုပ်ဆောင်ခဲ့သော်လည်း ထားဝယ်ဆေးရုံကြီးသို့ ရောက်သောအခါ လူနာမှာ အသက်မရှိတော့။

လူနာတင်ယာဉ်ပေါ်တွင် အရေးပေါ်ကုသမှုပေးရင်း ဝမ်းနည်းခံပြင်းစိတ်ကြောင့် မျက်ရည်များပင် စီးကျခဲ့ကြောင်း ကိုလင်းထက်ဇော်ကဆိုသည်။

ထိုနေ့တွင် သေနတ်ဒဏ်ရာဖြင့် ကျဆုံးသွားသော ရဲဘော်မှာ ဆန်းချီရပ်ကွက်မှကိုလွင်လွင်ဦးဖြစ်သည်။

ယင်းကဲ့သို့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် ထားဝယ်ခရိုင်၏ အကြီးမားဆုံးပေးဆပ်ခဲ့ရသော ဖေဖော်ဝါရီလ ၂၈ ရက်နေ့တွင် ပြည်သူ ၄ ဦးကျဆုံးခဲ့ပြီး ၃၀ ကျော်ဒဏ်ရာရရှိခဲ့ကာ ဖမ်းဆီးခံခဲ့ရသူ ၁၇ ဦးအထိရှိခဲ့သည်။

သို့သော် လူထုသပိတ်များမှာ ရပ်ဆိုင်းသွားခြင်းမရှိခဲ့။

မြို့ပေါ်သပိတ်များ ပြင်းပြင်းထန်ထန် ဖြိုခွဲခံနေရမှုကြောင့် သပိတ်စစ်ကြောင်းများမှာ ထားဝယ်မြို့ပေါ်တွင် မစု‌တော့ဘဲ ကျေးရွာအသီးသီးတွင် မြို့နယ်သပိတ်စစ်ကြောင်းများခွဲ၍ နေရာအနှံ့ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်များ ဖော်ဆောင်ခဲ့ကြသည်။ ထိုအချိန်မှ စ၍ ထားဝယ်ခရိုင် လောင်းလုံး၊ သရက်ချောင်း၊ ရေဖြူ မြို့နယ်များတွင် သပိတ်များ စတင်လာသည်။

ကျေးရွာပေါင်း ၄၅ ရွာဖြင့်ဖွဲ့စည်းထားသော လောင်းလုံးမြို့နယ်တွင်လည်း လမ်းပေါ်သပိတ်များကို မတ်လ ၁ ရက်နေ့မှစပြီး ကျေးရွာအသီးသီးရှိ အဖွဲ့အသီးသီးက ပုံစံမျိုးစုံဖြင့် စတင်ဖော်ပေါ်ထွန်းလာသည်။

လောင်းလုံးမြို့နယ် ကျေးရွာပေါင်းစုံသပိတ်ကော်မတီကို မတ်လ၂၅ရက်နေ့တွင်ဖွဲ့စည်းခဲ့ပြီးလမ်းပေါ်သပိတ်များဆက်တိုက်လှုပ်ရှားခဲ့သည်။

ယင်းမှာ မြန်မာနိုင်ငံ၏ အရှည်ကြာဆုံး သပိတ်များအနက် တစ်ခု ဖြစ်လာမည့် လောင်းလုံသပိတ်၏ ကနဦးနေရက်များဖြစ်သည်။

ယင်းအချိန်မှ စတင်ခဲ့သည့် အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့နယ်အတွင်း သပိတ်လှုပ်ရှားမှုများမှာ ရက်ပေါင်း ၄၀၀ ကျော် ရှိပြီဖြစ်သည့် ယနေ့အထိ အရှိန်အဟုန် လုံးဝလျော့သွားခြင်းမရှိ‌သေးပေ။

လောင်းလုံးမြို့နယ်သည် ထားဝယ်မြို့၏အနောက်ဘက်တွင်တည်ရှိပြီး လူဦးရေ တစ်သိန်းကျော် နေထိုင်သော ကမ်းရိုးတန်းမြို့နယ်ဖြစ်သည်။

လောင်းလုံးဒေသခံ တစ်ဦးဖြစ်သည့် ကိုလင်းထက်ဇော်မှာ အာဏာမသိမ်းခင်အထိ အသက် ၁၈ နှစ် အရွယ်သာရှိသေးပြီး တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသော ကျောင်းသားတစ်ဦးဖြစ်ကာ သူ၏ဇာတိ ညင်းမော်ရွာရှိ ပရဟိတလုပ်ငန်းများတွင် ပါဝင်ကူညီနေသူတစ်ဦးဖြစ်သည်။ ညင်းမော်ရွာမှာ လောင်းလုံးမြို့နယ် အတွင်းရှိ ကျေးရွာ တစ်ရွာ ဖြစ်သည်။

ဒေသသပိတ်များ ပေါ်ပေါက်လာချိန်တွင် ကိုလင်းထက်ဇော်က ဦးဆောင်ပြီး လောင်းလုံးမြို့နယ် အခြေခံကျောင်းသားများသမဂ္ဂကို ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ကိုယ်စားလှယ် ၃၀ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး လမ်းပေါ်သပိတ်ကို စတင်ခဲ့သည်။

“ငါတို့ကလူငယ်တွေဖြစ်နေလို့စိတ်အားငယ်စရာမလိုဘူး။ခုခံစရာလက်နက်မရှိပေမဲ့ငါတို့ကကျောင်းသားတွေဖြစ်နေလို့အမှန်တရားအတွက်ငါတို့လမ်းပေါ်ကြွေးကြော်နေရမယ်” ဟူ၍သူ့၏ရဲဘော်များကိုအားပေးကာလမ်းပေါ်သပိတ်ကိုစခဲ့သည်။

ယင်းသပိတ်စစ်ကြောင်းမှာ လောင်းလုံးမြို့နယ်တွင် လှုပ်ရှားနေသော အားကောင်းသည့် သပိတ်စစ်ကြောင်းများထဲမှ တစ်ခုဖြစ်ခဲ့သည်။

လောင်းလုံးမြို့နယ်အတွင်း လှုပ်ရှားဆောင်ရွက်နေသည့် သပိတ်ကော်မတီများတွင် အမျိုးသမီးထုကို ကိုယ်စားပြုသော နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ (လောင်းလုံး)၊လောင်းလုံးမြို့နယ်လုံးဆိုင်ရာအ‌ခြေခံပညာကျောင်းသားများသမဂ္ဂနှင့်ထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီတို့မှာလက်ရှိအချိန်အထိဆက်လက်လှုပ်ရှားနေသည်။

အောင်မြင်သည့် သပိတ်များ ပေါ်ပေါက်လာစေရန် အဖမ်းအဆီးများကို ရှောင်ကွင်းပြီး ဗျူဟာအမျိုးမျိုးပြောင်းလဲကာ အချင်းချင်းချိတ်ဆက် ဆောင်ရွက်ရကြောင်း ယင်းသပိတ်ကော်မတီများကဆိုသည်။

သို့သော် အဖမ်းအဆီးကလည်း နည်းအမျိုးမျိုးဖြင့် ရှိနေသဖြင့် သပိတ်တွင် ပါဝင်သူများမှာ အန္တရာယ်ပေါင်းစုံ၊ အခက်အခဲပေါင်းစုံကို နေ့စဉ်ရင်ဆိုင်နေကြရသည်။

သပိတ်စရန် လူစုနေစဉ်မှာပင် သတင်းပေးများကြောင့် စစ်တပ်ကရောက်လာပြီး ပစ်ခတ်ဖြိုခွင်းခံရသည်ကလည်း အကြိမ်ကြိမ်ဖြစ်သည်။ လောင်းလုံးမြို့နယ် အင်းဇောက်ရွာ၊ စစ်ပြဲရွာ၊ ညင်းမော်ရွာ၊ ကမြောကင်းရွာတို့တွင်လည်း အလားတူဖြိုခွဲခံရပြီး ထိခိုက်ဒဏ်ရာရသူများလည်းရှိခဲ့သည်။

သို့သော် လောင်းလုံးသပိတ်က ရပ်တန့်မသွား။ ယင်းကြောင့်ပင် စစ်ကောင်စီက သပိတ်တွင် ပါဝင်သူများကို လိုက်လံဖမ်းဆီးမှုများ ပြုလုပ်သဖြင့် သပိတ်ကော်မတီဝင်များ နေအိမ်တွင် မနေရဲဘဲ လုံခြုံသည့်နေရာများတွင် ‌ရွှေ့ပြောင်းနေထိုင်ကာ သပိတ်ကိုဆက်လက် ဖော်ဆောင်ကြကြောင်း သပိတ်ဦးဆောင်သူများကဆိုသည်။

နောက်ပိုင်းတွင်ဆန္ဒပြရဲဘော်များနှင့်ပြည်သူကိုသွေးကွဲစေမည့်လုပ်ဆောင်မှုများစတင်လာခဲ့ကြောင်းထားဝယ်ခရိုင်ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီမှတာဝန်ရှိသူကဆိုသည်။

အောက်ရေဖြူ၊ ကျောက်နီမော် စသည့် သပိတ်လှုပ်ရှားမှု အားကောင်းသော ရွာများတွင် တပ်စွဲ၍ ဧည့်စာရင်းစစ်ခြင်း၊ လူထုကို ဖမ်းဆီးစစ်ဆေးခြင်း၊ သေနတ်ပစ်ဖောက် ခြိမ်းခြောက်ခြင်းတို့ ပြုလုပ်ပြီး သပိတ်ကို လူထုထောက်ခံမှု ကျလာစေရန် လုပ်ဆောင်လာကြောင်း ၎င်းကဆိုသည်။

ယင်းသို့ နည်းအမျိုးမျိုးဖြင့် ခြိမ်းခြောက်မှုများ၊ သပိတ်ဖြိုခွဲခံရမှုများ၊ ဖမ်းဆီးနေမှုများ ရှိနေသော်လည်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ် သုံးလအတွင်း လောင်းလုံးမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြလှုပ်ရှားမှု ၄၆ ကြိမ်အထိ ရှိခဲ့သည်။

အသက်အရွယ် ငယ်ရွယ်သည့်အပြင် အတွေ့အကြုံမရှိသဖြင့်လူထုသပိတ်များဖော်ဆောင်ရသည်မှာခက်ခဲပင်ပန်းပြီးအကြိမ်ကြိမ်စိတ်ဓာတ်ကျခဲ့ရကြောင်းသို့သော်လည်းမာန်ပြန်တင်းရင်းဆက်လျှောက်ခဲ့ရကြောင်းယခုအသက်၁၉နှစ်ခန့်သာရှိသေးသည့်ကိုဟိန်းဇော်ကဆိုသည်။

“အသက်‌တွေကိုရင်းဘဝ‌တွေကိုရင်းပြီးတစ်နိုင်ငံလုံးစစ်ကောင်စီကိုတော်လှန်နေကြတာကိုမြင်ရတော့ကျွန်တော်တို့ရဲ့စိတ်ဓာတ်တွေခွန်အားပြန်ပြည့်လာတယ်။ကျွန်တော်တို့ရဲ့လက်နက်မဲ့ကြွေးကြော်သံတွေပြည်သူတွေနားထဲရောက်ပြီးစစ်အာဏာရှင်ကိုဖြုတ်ချနိုင်ရမယ်”ဟု၎င်းကယုံကြည်ချက်အပြည့်ဖြင့်ဆိုသည်။

သာမန်အချိန်ထက် နေ့ကြီးရက်ကြီးများတွင် လုပ်ရသော လူထုလှုပ်ရှားမှုများမှာ အသက်အန္တရာယ် ပိုနီးကြောင်း၊ စစ်တပ်က သတိထားစောင့်ကြည့်နေသည့်ကြားမှ အောင်မြင်သည့် သပိတ်လှုပ်ရှားမှု တစ်ခုပေါ်ပေါက်လာရေးမှာ အသက်ကိုရင်းပြီး လုပ်ဆောင်ကြရကြောင်း၊ သို့သော်ယင်းလှုပ်ရှားမှုများကို လူထုကပိုမိုသတိထားမိ၍မဖြစ်မနေဖော်ဆောင်ကြရကြောင်းသပိတ်တွင်ပါဝင်သူများကမှတ်ချက်ပေးကြသည်။

ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ‘ပြန်လည်စုရုံး ၂ ခြောက်လုံး’ လှုပ်ရှားမှု၊ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့တွင် “အတုအယောင်ပြည်ထောင်စုဝါဒ၊ လူထုအားဖြင့် ဖယ်ရှားကြ” ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် “Myanmar Spring Revolution and Stand up with Ukraine” စသည့်လှုပ်ရှားမှုများမှာဖေဖော်ဝါရီလအတွင်းလောင်းလုံမြို့၏ထင်ရှားသောသပိတ်လှုပ်ရှားမှုများဖြစ်ခဲ့သည်။

ယင်းသို့ပင် မတ်လ ၂၇ ရက် တော်လှန်ရေးနေ့တွင်လည်း ဖက်ဆစ်ဂျပန်ကို စတင်တော်လှန်ခဲ့သော ဗိုလ်မှူးကြီးဗထူး၏ဇာတိ လောင်းလုံးမြို့နယ် လေးသွန်းခံရွာတွင် “တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒအမြစ်ဖြတ်” ဟု ဆန္ဒပြလှုပ်ရှားမှုများ လုပ်ဆောင်ခဲ့ကြသည်။

စစ်ကောင်စီက သင်္ကြန်ပွဲတော် စည်းကားရေး ကြိုးပမ်းလုပ်ဆောင်နေစဉ်တွင်လည်း လောင်းလုံး မြို့နယ်အတွင်း အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှု ၅ ရက်ဆက်တိုက် အားကောင်းခဲ့သည်။

ယခုဧပြီလအတွင်းတွင်‌လောင်းလုံးမြို့နယ်တွင်လူထုသပိတ်၁၃ကြိမ်အထိဖော်ဆောင်နိုင်ခဲ့ကြောင်းသပိတ်ကော်မတီများထံမှသိရသည်။

ဧပြီလ၂၂ရက်နေ့တွင်သတင်းစာဆရာကြီးဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း(၈)နှစ်ပြည့်အထိမ်းအမှတ်အဖြစ်”တိုင်းပြည်အပေါ်စစ်တပ်ကျေးဇူးမူးလို့တောင်ရှူစရာမရှိ”ဟူသောကြွေးကြော်သံဖြင့်လောင်းလုံးမြို့နယ်တွင်အင်္ကျီအပြာရောင်ဝတ်ဆင်ပြီးဆန္ဒဖော်ထုတ်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်အာဏာရှင်စနစ်ကိုလက်နက်ကိုင်တော်လှန်မှုများရှိနေပြီဖြစ်သော်လည်းအကြမ်းမဖက်သည့်လူထုလှုပ်ရှားမှုမှာတော်လှန်ရေးအတွက်များစွာအထောက်အပံ့ပေးနိုင်ကြောင်းနိုင်ငံရေးလေ့လာသူများကဆိုကြသည်။

လက်နက်ကိုင်တော်လှန်ရေးမှာ လူထုကတိုက်ရိုက်ပါဝင်မှု နည်းပါးသဖြင့် လူထုနှင့်ဝေးကွာလေ့ရှိပြီး အကြမ်းမဖက်လူထု လှုပ်ရှားမှုမှာမူ လူထုကြားက ပေါ်ပေါက်လာပြီး လူထုက ပူးပေါင်းပါဝင်ရန် လွယ်ကူသည့်အတွက် တော်လှန်ရေးနှင့် လူထုတစ်သားတည်း ဖြစ်စေရန် ပေါင်းကူပေးကြောင်း ၎င်းတို့က ဆိုသည်။

ယင်းကြောင့် တော်လှန်ရေး အရှိန်ပိုကောင်းစေရန်အတွက် လူထုလှုပ်ရှားမှုများ ရှိရမည်ဖြစ်ကြောင်း ၎င်းတို့က သုံးသပ်ပြောဆိုကြသည်။

စစ်တပ် အာဏာသိမ်းမှုမှာ အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများမှာ နိစ္စဓူဝလုပ်ငန်းများအကြား အသားကျသွားပြီး စစ်အာဏာသိမ်းထားသည်ကို မေ့သွားနိုင်ကြောင်း၊ လူထုသွေးမအေးသွားစေရန် လူထုလှုပ်ရှားမှု သပိတ်များကို ဖော်ဆောင်နေရခြင်းဖြစ်ကြောင်း ကိုလင်းထက်ဇော်ကလည်းဆိုသည်။

“အာဏာရှင်မပြုတ်ကျသေးသရွေ့ဒီလမ်းပေါ်ထွက်ဆန္ဒပြလှုပ်ရှားမှုက ရပ်တန့်မှာမဟုတ်ပါဘူး” ဟု ၎င်းက ပြောဆိုလိုက်သည်။