တနင်္သာရီမြို့နယ် သိန္ဒောရွာတွင် တိုက်ပွဲထပ်ဖြစ်

0
444

တနင်္သာရီမြို့နယ်၊ သိန္ဒောကျေးရွာတွင် ယနေ့ (ဧပြီ ၂၁) ညနေ ၄ နာရီခွဲဝန်းကျင်က တိုက်ပွဲထပ်မံ ဖြစ်ပွားကြောင်း ဒေသခံများထံမှ သိရသည်။

သိန္ဒောကျေးရွာရှိ စစ်ကောင်စီတပ်နှင့် PDF တပ်တို့ မိနစ် ၂၀ ခန့်ကြာ ပစ်ခတ်ကြပြီးနောက် လက်နက်ကြီး ငါးချက်ခန့်လည်း ပစ်ခတ်သံကြားရကြောင်း ဒေသခံများကပြောသည်။

သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စခန်းကို PDF က အနီးကပ် ဝင်ရောက်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကြားသိရကြောင်း ဒေသခံတစ်ဦးက ပြောသည်။  

ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့နှင့် တောင်ပိုင်းသူရဲကောင်းများကာကွယ်ရေးအင်အားစု (SWDF) တို့က သိန္ဒောကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကြောင်း ဘက်မလိုက်ပြောက်ကျားတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

ယမန်နေ့ကလည်း ယင်းရွာ လှေဆိပ်တွင်ရှိနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးခဲ့ကြောင်း ဘက်မလိုက်ပြောက်ကျားအဖွဲ့က ထုတ်ပြန်ထားသည်။

လက်ရှိအချိန်တွင် ရွာ၌ ရွာသားအနည်းငယ်သာရှိတော့ပြီး အများစုမှာ နီးစပ်ရာရွာများနှင့် မြိတ်မြို့သို့ ပြောင်းရွှေ့နေထိုင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။