လောင်းလုံးတွင် မှုခင်းသတင်းထောက်တစ်ဦး၏ကား ပစ်ခတ်ခံရ

0
308
မှုခင်းသတင်းထောက် ဦးခင်မောင်ကြီး (ယာ)

လောင်းလုံး – ထားဝယ် လမ်းတွင် ယနေ့ (ဧပြီ ၂၁) နံနက်ပိုင်းက ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် မှုခင်း သတင်းထောက်တစ်ဦး စီးနင်းလာသည့်ကား သေနတ်ဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ထားဝယ်မြို့ ကညုံရပ်ကွက်တွင် နေထိုင်သော မှုခင်းသတင်းထောက် ဦးခင်မောင်ကြီး၏ ကားဖြစ်‌ပြီး ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

ယင်းကားပေါ်တွင် လူနှစ်ဦး လိုက်ပါလာသည်ဟု သိရှိရပြီး ပစ်ခတ်ခံရပြီးနောက် ထားဝယ်ဖက်သို့ မောင်းထွက်လာပြီးနောက် ထားဝယ်မြို့အဝင် ကမြောကင်းတံတားဂိတ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်ကို တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

“ကားမှန်တွေတော့ ကွဲကြေသွားတာ တွေ့ရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခြင်း ရှိမရှိကိုမူ မသိရပေ။

“မနက်ရှစ်နာရီလောက်က ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ သူ့ကားကို ဓာတ်ပုံရိုက်နေတာ မှတ်တမ်းယူနေတာ တွေ့တယ်။ သူက ဘေးမှာ ထိုင်နေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ဦးခင်မောင်ကြီးက ရပ်တပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယင်းကား မည်ကဲ့သို့ ပစ်ခတ်ခံရသည်၊ မည်သည့်အဖွဲ့က ပစ်ခတ်သည်တို့ကိုမူ မသိရသေးပေ။