ထားဝယ်မြို့လယ်ရှိ Mytel အရောင်းပြခန်း ပစ်ခတ်၊ ဖောက်ခွဲခံရ

0
589

ထားဝယ်မြို့ အာဇာနည်လမ်း ကရပ်ပြင်လမ်းဆုံအနီးရှိ Mytel အရောင်းပြခန်း ယနေ့ (ဧပြီ ၂၁) မွန်းလွဲ ၂ နာရီခန့်တွင် သေနတ်ဖြင့် ပစ်ခတ်ခံရပြီးနောက် ပေါက်ကွဲမှု ထပ်ဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။

အမည်မသိ အမျိုးသားနှစ်ဦး ဆိုင်ကယ်ဖြင့် ရောက်လာပြီး အဆိုပါ Mytel အရောင်းပြခန်း ဝင်ပေါက်ရှိ CCTV အား သေနတ်ဖြင့် ခုနစ်ချက်ခန့် ပစ်ခတ်ကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

ယင်းသို့ပစ်ခတ်ပြီး ဆယ်မိနစ်ခန့်အကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးရန် မရောင်းပြခန်းအနီးသို့ အရောက်တွင် ပေါက်ကွဲမူတစ်ခု ထပ်မံဖြစ်ပွားကြောင်း ၎င်းက ပြောကြားသည်။

ပေါက်ကွဲမူကြောင့် အရောင်းပြခန်း မှန်ကွဲသွားပြီး ဆိုင်အတွင်းရှိ ဝန်ထမ်းများနှင့် လာရောက် စစ်ဆေးသူ များတွင်မူ ထိခိုက်ဒဏ်ရာရသည်ဟု မကြားရသိရကြောင်း ၎င်းက ဆိုသည်။

“ဝန်ထမ်းတွေကို အပြင်ခေါ်ထုတ်ပြီးတော့ စစ်ဆေးနေတာ တွေ့တယ်။ ရဲတွေရော၊ စစ်သားတွေရော အကုန်လုံး လူနှစ်ဆယ်လောက် လာစစ်နေတာ‌တော့တွေ့တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းပစ်ခတ် ဖောက်ခွဲမူကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကိုမူ မသိရသေးပေ။

ယင်းအရောင်းပြခန်းသည် Mytel ထုတ်ကုန်များအားလုံးနီးပါးကို ဝန်ဆောင်မူပေးသည့် အရောင်းပြခန်း တစ်ခုဖြစ်သည်။