သရက်ချောင်း တောင်ပျောက်တိုက်နယ်ထဲ ငှက်ဖျားရောဂါပြန်တွေ့၊ ဆေးဝါးအခက်အခဲဖြစ်

0
1014

တိုက်ပွဲ မကြာခဏဖြစ်ပွားနေသည့် ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် တောင်ပျောက်တိုက်နယ်ရှိ ကျေးရွာများတွင် ငှက်ဖျားရောဂါ ပြန်လည်ဖြစ်ပွားနေပြီး ဆေးဝါးအခက်အခဲဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။

မတ်လမှစပြီး ငှက်ဖျားပိုးစတင်စစ်ဆေးတွေ့ရှိလာပြီး ဧပြီလ ၁၈ ရက်အထိ ပိုးတွေ့သူ ၂၀ ဦးခန့် ရှိနေပြီ ဖြစ်ကြောင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။

တောင်ပျောက်တိုက်နယ်ထဲတွင် ကျေးရွာဆယ်ရွာရှိပြီး ယခုငှက်ဖျားပိုး‌စစ်ဆေးတွေ့ရှိသူ ၂၀ ဦးမှာ ကျွဲခြံ၊ ဝမ်းကဖော်၊ ကျောက်အိုက်၊ မယ်ကဲ၊ ရေဗျတ်၊ အလယ်စု စသည့် ကျေးရွာခြောက်ရွာရှိ ဒေသခံများ ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အခုလောလောဆယ်တော့ ငှက်ဖျားမိနေတဲ့သူ ငါဦးကျန်သေးတယ်။ ကျန်တဲ့သူတွေကတော့ သက်သာနေပြီ” ဟု ၎င်းက ပြောသည်။

တောင်ပျောက်တိုက်နယ်ထဲ အခြားကျေးရွာလေးရွာတွင် ငှက်ဖျားရောဂါဖြစ်ပွားမူ ရှိနေသော်လည်း လူဦးရေမည်မျှ ဖြစ်ပွားနေသည်ကို မသိရသေးကြောင်း စစ်ဘေးရှောင်များအား ဆေးကုသပေးနေသူတစ်ဦးက ပြောဆိုသည်။

ဆေးဝါးအခက်အခဲကြောင့် ငှက်ဖျားရောဂါဖြစ်ပွားသူများ ဆေးပတ်ပြည့်အောင် မသောက်ရသဖြင့် နေမကောင်း ပြန်ပြန်ဖြစ်နေကြကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သုံးရက်ဆက်တိုက်လောက် နေမကောင်းဖြစ်တဲ့သူဆိုရင် ဆေးကပြတ်သွားတော့ မတိုက်ရတော့ဘူး” ဟု ၎င်းက ဆိုသည်။

တောင်ပျောက်တိုက်နယ်သည် မကြာခဏ တိုက်ပွဲဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်ပြီး ဒေသခံများမှာ မကြာခဏ စစ်ဘေးရှောင်နေကြရသည်။

ဆေးဝါကုသမူခံယူရန် တိုက်နယ်ပြင်ပထွက်ခွာပါကလည်း PDF ဟု သံသယဖြင့် မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ယင်းအတွက်ကြောင့် တိုက်နယ်အတွင်းက ဒေသခံများသည် ကျန်းမာ‌ရေးကိစ္စအတွက် စစ်ဘေးရှောင် များအား ဆေးဝါးကုမူပေးနေသူများကို အားကိုးနေရကြောင်း ဒေသခံအချို့က ပြောသည်။

ငှက်ဖျားရောဂါအတွက် လိုအပ်သည့် ဆေးဝါးများကို အခြားသူများထံအလှူခံပြီး တိုက်နယ်အတွင်းရှိ ဒေသခံများကို ကုသပေးနေရကြောင်း တိုက်နယ်ထဲ ဆေးဝါးကုသပေးနေသူတစ်ဦးက ပြောသည်။

ငှက်ဖျားရောဂါသည် ဆေးပတ်လည်အောင်မသောက်ပါက ဆေးမတိုး (ဆေးယဉ်ပါးငှက်ဖျား) ရောဂါအဖြစ်သို့ ကူးပြောင်းသွားနိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဆိုသည်။

မုန်တိုင်းအရှိန်ကြောင့် မတ်လနှောင်းပိုင်းက မိုးရွာသွန်းခဲ့ပြီးနောက်ပိုင်း တောင်ပျောက်တိုက်နယ်ထဲ ငှက်‌ဖျားရောဂါ ပြန်တွေ့လာခြင်းဖြစ်ကြောင်း ဆေးကုသပေးနေသူတစ်ဦးက ပြောသည်။

တောင်ပျောက်တိုင်နယ်က ဒေသခံများသည် ကွမ်းသီး ဥယျာဉ်ခြံလုပ်ငန်းကို လုပ်ကိုင်ကြပြီး ရေဝပ်နေသည့် ကွမ်းဘုတ်ဖတ်ထဲ ငှက်ဖျားပိုးသယ်ဆောင်လာသည့်ခြင်များ ပေါက်ဖွားလေ့ရှိကြောင်း ၎င်းက ဆိုသည်။