ကျိုက်မရော ချောင်းနှစ်ခွတံတားရှိ BGF ဂိတ်စခန်း ပစ်ခတ်တိုက်ခိုက်ခံရ

0
345
မတ်လကုန်ပိုင်းကတွေ့ ရသည့် ချောင်းနှစ်ခွ တံတား

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ချောင်းနှစ်ခွတံတားရှိ နယ်ခြားစောင့်တပ် (BGF) ဂိတ်စခန်း ယနေ့ (ဧပြီ ၁၆) နံနက်ပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

နံနက် ၆ နာရီဝန်းကျင်က ချောင်းနှစ်ခွတံတားထိပ်တွင် ကင်းစောင့်နေသည့် BGF ဂိတ်စခန်းကို အမည်မသိ လက်နက်ကိုင်တို့က လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယင်းနှင်ပတ်သက်၍ မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်း ဖြစ်သည်ဆိုသော ထုတ်ပြန်ချက် တစ်စုံတစ်ရာ ယနေ့ ညနေ ၃ နာရီအထိ မထွက်ရှိသေးပေ။

တိုက်ခိုက်ခံရမှုကြောင့် BGF တပ်ဖွဲ့ဝင် အချို့ သေဆုံးပြီး ထိခိုက်ဒဏ်ရာသူလည်း ရှိသည်ဟု ပစ်ခတ်မှုဖြစ်ချိန် အနီးဝန်းကျင်တွင် ရှိခဲ့သူ အချို့က ပြောဆိုသော်လည်း Dawei Watch အနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

ချောင်းနှစ်ခွတံတား ဂိတ်စခန်း ပစ်ခတ်မှုဖြစ်ပွားပြီးနောက် တံတားကို ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပိတ်ထားလိုက်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“လက်ရှိကတော့ တံတားကို ပိတ်ထားလိုက်တယ်။ လုံခြုံရေးတွေလည်း တင်းကျပ်ထားတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ချောင်းနှစ်ခွတံတားသည် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်ဘက်နှင့် မွန်ပြည်နယ် မုဒုံမြို့နယ်ဘက်တို့ကို ဆက်သွယ်ထားသည့် တံတားတစ်စင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းကလည်း ချောင်းနှစ်ခွတံတားရှိ ရဲကင်းဂိတ်စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ခုက လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။

အဆိုပါ ရဲကင်းဂိတ်စခန်းပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် တံတားတွင် စစ်ဆေးမှု ပိုမိုတင်းကြပ်လာကြောင်း ခရီးသွားပြည်သူများနှင့် ဒေသခံတို့က ပြောသည်။