ရေဖြူမြို့ သင်္ကြန်မဏ္ဍပ်အနီးကို ဒရုန်းပေါ်မှ ဗုံးပစ်ချကာ တိုက်ခိုက်ခဲ့ဟု YPPDF ထုတ်ပြန်

0
483
သင်္ကြန်မဏ္ဍပ်နှင့် ရဲစခန်းအကြား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များရှိရာကို ဗုံးဖြင့်တိုက်ခိုက်ခဲ့ခြင်းဟုဆိုသည်

ထားဝယ်ခရိုင် ရေဖြူမြို့ (က) ရပ်ကွက် ရဲစခန်းရှေ့ ပန်းခြံတွင် ဆောက်လုပ်ထားသည့် သင်္ကြန်မဏ္ဍပ်ကို သင်္ကြန်အကျနေ့တွင် ဗုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း  ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(YPPDF) သတင်းထုတ်ပြန်သည်။

Drone (ဒရုန်း) တွင် လက်လုပ်ဗုံး တပ်ဆင်ပြီး တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်္ကြန်မဏ္ဍပ်နှင့် ရဲစခန်းအကြား လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်တို့ကို တိုက်ခိုက်ခြင်း ဖြစ်ပြီး ထိခိုက်မူအခြေအနေကို မသိရသေးကြောင်း ယင်းအဖွဲ့က ယနေ့ (ဧပြီ ၁၅) ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြို့ခံတစ်ဦးကလည်း “ဗုံးပေါက်ပြီးမှာ သေနတ်ပစ်သံတွေတော့ အများကြီးပဲကြားရတယ်။ ထိခိုက်မူကိုတော့ ကျွန်မတို့လည်း မကြားရသေးဘူး” ဟု ဆိုသည်။

ထားဝယ်မြို့တွင်လည်း သင်္ကြန်အကျနေ့က ဆောက်လုပ်ရေးမဏ္ဍပ်အနီးတွင် ဗုံးပေါက်ကွဲခဲ့ပြီး သင်္ကြန်အကြတ်နေ့တွင်လည်း ဗဟိုလမ်းဆုံတွင် ဗုံးဟု ယူဆရသည့် အထုပ်တွေ့သဖြင့် စစ်ကောင်စီတပ်များက လမ်းပိတ်ဆို့ကာ စစ်ဆေးရှာဖွေမှုများ လုပ်ဆောင်ခဲ့သည်။