သင်္ကြန်အကြတ်နေ့ ထားဝယ် ဗဟိုလမ်းဆုံတွင် ဗုံးဟုယူဆရသည့်အထုပ်တွေ့

0
470
ယနေ့ မွန်းလွဲ ၃ နာရီခွဲဝန်းကျင်တွင်တွေ့ရသည့် ဗဟိုလမ်းဆုံ

သင်္ကြန်အကြတ်နေ့တွင် ထားဝယ်မြို့၏ အဓိကလမ်းဆုံတစ်နေရာဖြစ်သည့် ဗဟိုလမ်းဆုံတွင် ‌ဗုံးဟု ယူဆရသည့် အထုပ်တစ်ထုပ်တွေ့ကြောင်း မြို့ခံအချို့ထံမှ သိရသည်။

ဗဟိုလမ်းဆုံတွင် ယနေ့ (ဧပြီ ၁၅) မွန်းလွဲ ၂ နာရီခန့်က ဗုံးဟုယူဆရသည့် အထုပ်ကို တွေ့ရှိရပြီးနောက် လမ်းသွားလမ်းလာများ မဖြတ်သန်းရဲကြတော့ကြောင်း မြို့ခံအချို့က ပြောသည်။

ယင်းနောက် ၂ နာရီခွဲခန့်တွင် စစ်ကောင်စီတပ်က ယင်းနေရာကို လာရောက်ရှင်းလင်းကြောင်း မြို့ခံတစ်ဦးက ပြောဆိုသည်။

ရှင်းလင်းနေစဉ်အတွင်း ဗဟိုလမ်းဆုံကို မိနစ် ၃၀ ခန့် လမ်းပိတ်လိုက်သည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။

“အခုတော့ သွားနေကြပြီ။ အစစ်အဆေး မရှိတော့ဘူး” ဟု ယနေ့ မွန်းလွဲ သုံးနာရီခွဲဝန်းကျင်က ယင်းလမ်းဆုံကို ဖြတ်သန်းသွားခဲ့သူတစ်ဦးက ပြောဆိုသည်။

ဝါယာကြိုး၊ နှစ်လက်မပိုက် စသည်တို့ဖြင့် ချိတ်ဆက်ထားသည့် စက္ကူဖာတစ်ခုကို ဆိုင်ကယ်ဖြင့် လူငယ် နှစ်ဦးက လာရောက်ချထားခဲ့ခြင်းဖြစ်ကြောင်း ‌မျက်မြင်တွေ့သူလမ်းသွား၊ လမ်းလာတစ်ဦးက ပြောကြား သည်။

ထားဝယ်မြို့အတွင်း ဗဟိုလမ်းဆုံကဲ့သို့သော လမ်းဆုံ၊ လမ်းခွများတွင် စီစီတီဗွီကင်မရာများကို မြို့အနှံ့ တပ်ဆင်ထားသည်။

သင်္ကြန်အကျနေ့ကလည်း ဆောက်လုပ်ရေး မဏ္ဍပ်အနီး စာတိုက်လမ်းကြားထဲတွင် ‌‌ဗုံးတစ်လုံး ပေါက်ကွဲခဲ့ သေးသည်။

တိုင်းအတွင်း ယခုနှစ်သင်္ကြန်တွင် ရေပတ်ကစားသူ မရှိသလောက် နည်းသဖြင့် တိတ်ဆိတ် ခြောက်ကပ်လျက် ရှိသည်။