ပုလောတွင် ကြံ့ခိုင်ရေးပါတီဝင် ကျောင်းဆရာ တစ်ဦးအသတ်ခံရ

0
350

ပုလောမြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီအမာခံ ကျောင်းဆရာတစ်ဦး ဧပြီလ ၁၄ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။

ပုလောမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ အမာခံတစ်ဦးလည်းဖြစ် Non CDN ကျောင်းဆရာတစ်ဦးလည်းဖြစ်သူ အသက် ၄၀ ဝန်းကျင်ရှိ ကိုအောင်နေဇာလင်းမှာ ဆိုင်ကယ်မောင်းလာစဉ် သေနတ်ဖြင့်အပစ်ခံရ၍ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံများ ကပြောသည်။

“သူက CDM လုပ်ထားတဲ့ ဆရာမတွေကို ခြိမ်းခြောက်တာတွေ လုပ်ခဲ့တယ်လို့ကြားရတယ်။ ဟုတ်မဟုတ်တော့မသိရဘူး”ဟု ဒေသခံအမျိုးသား ကပြောသည်။

၎င်းသည် ပုလောမြို့တွင်းသို့ ဆိုင်ကယ်မောင်းပြီးဝင်လာစဉ် မြို့အဝင် သင်္ချိင်းဟောင်းအနီး ဆေးရုံအောက် တောင်ကုန်းအကွေ့တွင် အပစ်ခံရခြင်းဖြစ်ပြီး အပစ်ခံရပြီးနောက် တစ်နာရီကျော်အကြာ ဆေးရုံတွင်သေဆုံးသွားသည်ဟု ပုလောဒေသခံများ ကဆိုသည်။

ဦးအောင်နေဇာလင်းမှာ ပုလောမြို့နယ်၏ အာဏာရှင်စနစ်တော်လှန်ရေးတွင် အမြဲတမ်း အနှောက်အယှက်ပေးခြင်း၊ စစ်ကောင်စီဘက်မှ ရပ်တည်သည့် ဒလန်၊ ပြည်သူ့အစ္စာဖောက် ဖြစ်ခြင်းတို့ကြောင့် သုတ်သင်ရှင်းလင်းလိုက်ခြင်းဖြစ်ကြောင်း ပုလောဒေသကာကွယ်ရေးအဖွဲ့က ယနေ့ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။

၎င်းမှာ ပုလောမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဌ ဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲတွင် ဝင်ပြိုင်ခဲ့သည် ဟုစုံစမ်းသိရှိရသော်လည်း DaweiWatch အနေဖြင့် ယင်းအချက်အလက်များအပေါ် သီးခြားအတည်ပြုချက် မရရှိသေးပေ။

တနင်္သာရီတိုင်းတွင် ပညာရေးဝန်ထမ်းများ၏ CDM လှုပ်ရှားမှုမှာ အလွန်အားကောင်းခဲ့ပြီး Non CDM ဆရာများနှင့် သတင်းပေးများကြောင့် CDM ဆရာ၊ဆရာမများမှာ ခြိမ်းခြောက်ခံရခြင်း၊ အဖမ်းခံရခြင်း၊ ဘေးလွတ်ရာသို့ ထွက်ပြေးပုန်းရှောင်နေရခြင်းတို့ ရှိနေကြောင်း ပညာရေးဝန်ထမ်းများက ဆိုသည်။