မြိတ်သင်္ကြန် တိတ်ဆိတ်ခြောက်ကပ်

0
352

မြိတ်သင်္ကြန်အကျနေ့ဆိုလျှင် နှစ်စဉ်လမ်းများတွင် ရေပတ်ခံထွက်သည့် ကား၊ ဆိုင်ကယ်များ လမ်းပိတ်သည်အထိ တိုးကြိတ်စည်ကားခဲ့သော်လည်း ယခုနှစ်တွင် ရေပတ်ခံထွက်သူ မရှိသလောက်နည်းသဖြင့် မြို့မှာ တိတ်ဆိတ်ခြောက်ကပ်နေကြောင်း တွေ့ရသည်။

သင်္ကြန်မတိုင်ခင်ကာလက လမ်းပေါ်တွင် ယာဉ်များ၊ လူအများ အသွားအလာ များပြားခဲ့သော်လည်း သင်္ကြန်ကာလတွင် လူအသွားအလာပင် မရှိသလောက်နည်းသွားပြီး တိတ်ဆိတ်သွားခြင်းဖြစ်ကြောင်း မြို့ခံများကလည်း ဆိုသည်။

ထားဝယ်စုရပ်၊ ဂုဏ်ရုံလမ်း တစ်လျှောက်နှင့် ဈေးကြီး၊ နာရီစင်နှင့် ကျောက်စိမ်းကုန်တိုက်လမ်းများသည် ယခင်သင်္ကြန်ကာလများတွင် ကြိတ်ကြိတ်တိုးစည်ကားပြီး သီချင်းသံများ ဆူညံခဲ့သော်လည်းယခုအချိန်တွင်မူ တိတ်ဆိတ်နေကြောင်း ယင်းနေရာများသို့ သွားရောက်ခဲ့သည့် ဒေသခံတစ်ဦးက ပြောဆိုသည်။ (ယင်းလမ်းအခြေအနေကို ယနေ့ (ဧပြီ ၁၄) မွန်းလွဲပိုင်းက မှတ်တမ်းတင်ထားသည့် ဗီဒီယိုဖိုင်တွင် ကြည့်ရှုနိုင်သည်။)

ယင်းအပြင် စားသောက်ဆိုင်များ၊ ရေပတ်ခံထွက်သူများ အစားအသောက်စားရင်း အနားယူလေ့ရှိသည့် ကမ်းနားလမ်းတစ်လျှောက်မှ အကင်ဆိုင်င်များတွင်လည်း ဝယ်ယူစားသောက်သူ အလွန်နည်းကြောင်း မြို့ခံများနှင့် တက္ကစီမောင်းသူအချို့က ပြောသည်။

နှစ်စဉ် ကမ်းနားလမ်းတွင် ပုဂ္ဂလိက မဏ္ဍပ်များ ရှိသော်လည်း ယခုနှစ်တွင် မရှိကြောင်း တွေ့ရသည်။

မြိတ်မြို့တွင် နှစ်စဉ်နှစ်တိုင်း ပုဂ္ဂလိက ရေကစားမဏ္ဍပ် ၂၀ ခန့် ပြုလုပ်ကြလေ့ရှိပြီး ယခုနှစ်တွင် စစ်ကောင်စီမဏ္ဍပ်မှ လွဲ၍ မတွေ့ရကြောင်း မြို့ခံများကလည်းပြောဆိုကြသည်။

“လမ်းမကြီးတွေမှာတော့ ရေလောင်းသူတွေ မရှိဘူး။ လမ်းကြိုလမ်းကြားတွေမှာတော့ ကလေးတွေ လောင်းနေကြတာပဲ ရှိတယ်” လို့ တက္ကစီသမားတစ်ဦးက ပြောဆိုသည်။

ယခင်သင်္ကြန်ကာလများတွင် ရေပတ်ကစားသူများသဖြင့် တက္ကစီများ မအားလပ်အောင် ပြေးဆွဲကြ ရသော်လည်း ယခုနှစ်တွက် ကားငှားစီးသူပင် မရှိကြောင်း ၎င်းက ဆိုသည်။

ယင်းအပြင် တနင်္သာရီမြို့နှင့် ကျေးရွာများတွင်လည်း ရေကစားသူမရှိကြဘဲ ခြောက်ကပ်နေကြောင်း ဒေသခံများက ပြောသည်။

“ရွာတစ်ရွာမှာ ရေလောင်းနေကြတာ ကလေးသုံယောက်ထက် မပိုဘူး” လို့ ရွာအချို့သို့ ယနေ့ သွားရောက်ခဲ့သည့် ဆိုင်ကယ်ရောင်းဝယ်ရေးလုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

စစ်ကောင်စီကမူ မြိတ်မြို့၏ ဗဟိုမဏ္ဍပ်အဖြစ် ဦးမြတ်လေးပန်းခြံတွင် ပြုလုပ်ထားပြီး တောရကျောင်း လမ်းဆုံ အနီးတွင် တစ်ခု၊ မြေနီလမ်းတွင် တစ်ခုနှင့် ရေပုန်းရပ်ကွက်နှင့် မြိတ်တောင်အုပ်ချုပ်ရေးရုံး ရှေ့မှာလည်း မဏ္ဍပ်များ ဆောက်လုပ်ပြီး အတာသင်္ကြန်ကို ဆင်နွဲနေသည်။

ယင်းမဏ္ဍပ်တို့တွင် မဏ္ဍထိုင်သူများ ရှိသော်လည်း ရေပတ်ခံထွက်လာသူများ မရှိသလောက် နည်းကြောင်း မြို့ခံအချို့နှင့် တက္ကစီမောင်းသူအချို့က ပြောသည်။

မြိတ်မြို့ပေါ်တွင် သွားလာလည်ပတ်သူများ မရှိသော်လည်း ကျွန်းခရီးစဉ်များသွားသည့် ခရီးသွားများကိုမူ မြိတ်ကမ်းနားတွင် တွေ့ရကြောင်း မြို့ခံအချို့နှင့် တက္ကစီမောင်းသူအချို့ထံမှ သိရသည်။

သင်္ကြန်ပွဲတော်တွင် ပြည်သူများ ပါဝင်ဆင်နွဲခြင်း မပြုလုပ်ကြရန် မြိတ်တော်လှန်ရေး အင်အားစု များက မေတ္တာရပ်ခံထားသလို တစ်နိုင်ငံလုံးတွင်လည်း တော်လှန်ရေးအင်အားစုများက အလားတူ မေတ္တာရပ်ခံထားသည်။

https://youtube.com/shorts/HzEjet9nT-U