စက်သုံးဆီသယ်ယူခွင့် ပိတ်ထား၍ တနင်္သာရီရှိ ကျေးရွာအချို့ လျှပ်စစ်မီးပုံမှန်မရ

0
178

စက်သုံးဆီသယ်ယူခွင့် ပိတ်ခံထားရသည့်အတွက် တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာနှင့် သရဘွင်ကျေးရွာတို့တွင် လျှပ်စစ်မီးပုံမှန်အတိုင်း မပေးနိုင်တော့ဘဲ လျှော့ချလိုက်ရကြောင်း လျှပ်စစ်ဖြန့်ဖြူးရေးကုမ္ပဏီနှင့် ရွာသားများထံမှသိရသည်။

တကူနှင့်သရဘွင် ကျေးရွာများအား Royal Myanmar Light ကုမ္ပဏီမှ ၂၄ နာရီလျှပ်စစ်ဓါတ်အား ဖြန့်ဖြူးပေးနေခြင်းဖြစ်ပြီး ဧပြီလ ၁၃ ရက်နေ့မှစတင်ကာ နံက် ၈ နာရီမှ နံနက် ၁၀ နာရီအထိတစ်ချိန် ညနေ ၅ နာရီခွဲမှ ည ၉ နာရီခွဲအထိတစ်ချိန်သာ ဖြန့်ဖြူးပေးရန် သတ်မှတ်လိုက်ကြောင်း ကုမ္ပဏီတာဝန်ရှိသူကပြောသည်။

“ရွာသားတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီးတော့ သူတို့တောင်းဆိုတဲ့အပေါ်  ဒီလိုကန့်သန့်လိုက်ရခြင်း ဖြစ်တယ်။  စက်သုံးဆီ သယ်ခွင့်ရရေးကိုလည်း ကျွန်တော်တို့ ကြိုးစားနေပါတယ်”ဟု ကုမ္ပဏီတာဝန်ရှိသူက ပြောသည်။

တကူကျေးရွာနှင့် သရဘွင်ကျေးရွာ အနီးတစ်ဝိုက်တွင် PDF များခိုအောင်းနေသည်ဟုဆိုကာ ဆန်နှင့်စက်သုံးဆီသယ်ယူခွင့်ကို ပြီးခဲ့သည့်အပတ် (ဧပြီဒုတိယအပတ်) မှစပြီး စစ်ကောင်စီက ကန့်သန့်ထားခြင်းဖြစ်သည်။

လက်ရှိတွင် ကုမ္ပဏီအနေဖြင့် လက်ကျန်ဆီဖြင့်သာ အချိန်ကန့်သတ်၍ မီးပေးနေရပြီး လက်ကျန်ကုန်သွားသည်အထိ ဆီသယ်ယူခွင့်မရလျှင် လျှပ်စစ်မီးပေးဝေမှုကို ခေတ္တရပ်နားသွားရန်သာရှိတော့ကြောင်း၊ ရွာသားများအနေဖြင့်လည်း လျှပ်စစ်မီးမရလျှင် အခက်အခဲများစွာ ကြုံနိုင်ကြောင်း ကုမ္ပဏီတာဝန်ရှိသူက ဆိုသည်။

“ကျေးရွာမီးလင်းရေးအတွက် အထက်ကို စာတင်ထားပါတယ် ဆီမရရင်တော့ခဏရပ်လိုက်ရမဲ့ သဘောရှိပါတယ်”ဟု၎င်းကဆိုသည်။

Royal Mynmar Light ကုမ္ပဏီသည် ၂၀၁၉ ခုနှစ်မှစတင်ကာ တနင်္သာရီမြို့နယ်ရှိ တကူကျေးရွာအုပ်စု၊ သရဘွင်ကျေးရွာအုပ်စုနှင့် ပဝကျေးရွာအုပ်စုတို့အား လျှပ်စစ်မီးဖြန့်ဖြူးခွင့်ရရှိထားသည့် ကုမ္ပဏီဖြစ်သည်။

တကူနှင့် သရဘွင်တို့မှာ အိမ်ခြေထောင်ဂဏန်းရှိသည့် ကျေးရွာအုပ်စုများဖြစ်ပြီး ယင်းကျေးရွာအုပ်စုများ အနီးဝန်းကျင်တွင် စစ်ကောင်စီတပ်နှင့် PDF တပ်တို့ တိုက်ပွဲ မကြာခဏ ဖြစ်လေ့ရှိသည်။

ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်များ ခိုအောင်းနေထိုင်နေသည်ဟူသော အကြောင်းပြချက်ဖြင့် စစ်ကောင်စီက ယင်းဒေသများသို့ ဆန်နှင့် စက်သုံးဆီသယ်ယူခွင့် ပိတ်ထားခြင်းဖြစ်ကြောင်း ‌ဒေသခံများက ပြောဆိုကြသည်။

သို့သော်ဆန်နှင့်ဆီ သယ်ယူခွင့်မပြုခြင်းနှင့်ပတ်သက်ပြီး စစ်ကောင်စီတပ်က တရားဝင် ထုတ်ပြန်ထားခြင်းမျိုး မရှိသေးသလို အကြောင်းရင်းကိုလည်း Dawei Watch အနေဖြင့် သီးခြားအတည်ပြုချက် ရယူနိုင်ခြင်း မရှိပေ။